အခုတစ်လော အလုပ်မှာ နေရာအပြောင်းအရွေ့ ၊ တာဝန်အလွဲအပြောင်းတွေနဲ့  ခေါင်းပြန်ကိုက်နေကာ ပိတ်ရက်တွေမှာလည်း အသွားအလာတွေများလှတာကြောင့် စာရေးဖို့ စိတ်ကို မပါပေ။ ဆရာဟန်ကြည်က အရှိန်ယူတာကြာနေပြီလို့ လာသတိပေးသော်ငြား စိတ်ညစ်နေသည်ဆိုတဲ့ အကြောင်းပြချက်နဲ့  တစ်ကြောင်းမှကို ချရေးလို့ မရပေ။ သို့ ပေမဲ့ ဘလော့မှာ တင်သမျှပိုစ့်တွေ၊ သတင်းတွေ ဖေ့ဘွတ်စာမျက်နှာပေါ်ကပိုစ့်တွေ စသဖြင့် တစ်နေ့ တစ်နေ့ ဖတ်ဖြစ်သမျှစာပေါင်းတော့ မနည်းလှ။ ကိုယ့်အခြေအနေနဲ့ ကိုယ် ကွန်မန့် ပေးဖို့  မလွယ်လှပေမဲ့ စာဖတ်ဝါသနာထုံလှတဲ့ကျွန်မ ခေါင်းတစ်ခြမ်းကိုက်လွန်းလို့  ဆေးတွေပဲကြီးလှော်စားသလိုစား၊ နားထင်ကို လိမ်းဆေးသုတ်၊ သဘက်တစ်ထည်ခေါင်းစည်းပြီး စာပြီးအောင်ဖတ်တတ်ပါသည်လို့ ပြောရင်ဖြင့် ယုံမည်မထင်။ ဒီတစ်လောတော့ ကျွန်မစိတ်တွေ ဧရာဝတီထဲဝင်ရောက်စီးဆင်းနေသလားမသိ။ ကိုယ်ကိုယ်တိုင် အတိအကျ၊ အခိုင်အမာ၊ အကိုးအကားတွေနဲ့  ချမရးပြနိုင်ပေမဲ့ ဧရာဝတီအကြောင်းစာတွေ၊ ကဗျာတွေ ရေးကြတဲ့ ဘလော့ဂါတွေဆီသွား၊ တက်လာသမျှပိုစ့်တွေဖတ်ရင်း ကျွန်မအားလပ်ချိန်တွေက ဧရာဝတီထဲမှာ စီးဆင်းနေခဲ့သည်။
ကျွန်မအထက်တန်းကျောင်းသူဘဝတုန်းက ဇော်ဝင်းထွဋ် ဆိုတဲ့ "စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်" သီချင်းကို သိပ်ကြိုက်မိသည်။ သီချင်းရဲ့စာသား၊ တီးလုံးကိုကြိုက်ရုံသာမက မြန်မာနိုင်ငံအနှံ့ ရှုခင်းတွေနဲ့  တိုင်းရင်းသားရိုးရာအကတွေနဲ့  တီဗွီမှာ အမြဲစောင့်ကြည့်မိတဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ သီချင်းအစမှာ " မေခနဲ့  မလိခ ဆုံစီးဆင်းရာ ဂျိန်းဖောတို့ ရဲ့ ဌာနေ တစ်မြေစီခြားနေလည်း ရင်မှာအမြဲတည်ဆဲ၊ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ရှိနေမယ်......." ဆိုပြီး မြစ်ဆုံရဲ့ လှပတဲ့ရှုခင်းလေးတွေ တွေ့ ရသည်။ အဲ့ကတည်းကပင်တစ်နေ့ တော့ မေခနဲ့ မလိခကဘယ်လိုပေါင်းဆုံကြပြီး မြစ်ဆုံကြီးဖြစ်လာသလဲဆိုတာ ရောက်အောင်သွားလေ့လာမည်ဆိုတဲ့ရောဂါတက်ခဲ့သည်။ပိုက်ဆံတွေရှိလာရင် မြန်မာနိုင်ငံအနှံ့ ခရီးထွက်မည်လို့ တောင်ကြွေးကြော်မိခဲ့သည်။ သို့ ပေမဲ့ လွမ်းရေးထက် ဝမ်းရေးက ပိုခက်နေတဲ့ဘဝကြီးထဲမှာ အခုချိန်ထိ အိမ်မက်က အိမ်မက်ထဲမှာသာရှိနေဆဲပင်။ ဟော အခုမြစ်ဆုံဆိုတဲ့ သာယာလှပတဲ့ နေရာမှာ စင်္ကာပူတစ်မြို့ စာနီးပါးမျှရှိတဲ့ ဆည်ကြီးဆောက်နေပြီဆိုတော့ ကျွန်မရဲ့ ခပ်ပိန်းပိန်းအတွေးထဲမှာ အရင်တွေးမိတာက ငါတော့ မြစ်ဆုံရဲ့ လှပတဲ့ရှုခင်းလေးတွေ မြင်ရပါတော့မလားမသိဟုပင်။
ကျွန်မက အသက်ကသာတစ်နှစ်ထက်တစ်နှစ်ကြီးလာပေမဲ့ အတွေးအခေါ်ကတော့ တကယ်ကို ကလေးသာသာပင်ရှိသည်မှာ မှန်လိမ့်မည်။ အဆိုပါကြီးမားလှတဲ့ဆည်ကြီးကနေ လျှစ်စစ်တွေထုတ်မည်တဲ့။ ပြီး သူများနိုင်ငံကိုလည်းရောင်းမည်တဲ့။ တကယ်တော့ ကိုယ်ရောင်းလိုက်မဲ့ သူများနိုင်ငံကြီးက ဒီလျှစ်စစ်ကိုမရခင် အခုကတည်းက ထိန်ထိန်ငြီးပြီးသားပင်။ ကျွန်မတို့ သာအခုထိ ဖယောင်းတိုင်ဆောင်နေရဆဲ။ တစ်ခါ ဧရာဝတီအကြောင်းတွေးမိတော့ မြစ်ထဲမှာ လျှို့ ဝှက်ချက်တွေ ဆန်းကျယ်တဲ့ရာဇဝင်တွေ၊ မယုံလို့ မရတဲ့ ဇာတ်လမ်းတွေ အများကြီးရှိတယ်လို့  အမြဲပြောပြတတ်တဲ့ သူငယ်ချင်းစကားတွေကို ကြားယောင်မိသည်။ မြောက်ကနေ တောင်ကိုစီးဆင်းနေတဲ့ ဒီမြစ်ကြီးကို အထက်ပိုင်းကနေပိတ် ဆည်ဆောက်လိုက်ရင် မြစ်အောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲလို့  ကျွန်မရဲ့ တစ်ထွာတစ်မိုက်ဥာဏ်လေးနဲ့  စဉ်းစားမိတော့ မြစ်ကြီးကောသွားရင်ဒုက္ခလို့  လန့် သွားမိသည်။
ကျွန်မရဲ့ဇာတိမြို့ လေးရဲ့ နံဘေးမှာ မြစ်အသေးတစ်စင်းရှိသည်။ အတော်ဝေးဝေးကနေ စီးဆင်းလာတဲ့ထိုမြစ်ဟာ မြို့ ဆီတည့်တည့်စီးလာပြီး မြို့ ဘေးရောက်ကမှ ဂ ငယ်ကွေ့ ကွေ့ ကာ ပြန်ထွက်သွားသဖြင့် ရေစီးအရမ်းသန်တဲ့ မိုးရာသီမျိုးမှာ မြစ်ရေတိုက်စား၊ ပို့ ချမှုကြောင့် မြိ့ အနားမရောက်ခင်ကွေ့ မှာ နုံးတွေအတော်တင်၊ မြို့ ဘေးကကွေ့ မှာတော့ ကမ်းပါးတွေပြိုသဖြင့် လမ်းတစ်ခြမ်းတောင် ကုန်လုနီးပါးရှိခဲ့သည်။ ဒါနဲ့ ပဲ သက်ဆိုင်ရာလူကြီးများရဲ့ ဦးဆောင်မှုနဲ့  ဂ ငယ်ကွေ့  ကွေ့ ပြီးစီးနေတဲ့မြစ်ကို အလယ်ကနေ ဖြတ်ချောင်းဖောက်ပါတော့သည်။ ဖြတ်ချောင်းကို ဘာလို့ ဖောက်တာလဲလို့  လူကြီးတွေကိုမေးကြည့်တော့ မြစ်ကို ရေလမ်းကြောင်းလွှဲတာတဲ့။ အဲ့လိုမှမလုပ်ရင် မြစ်တိုက်စားတာနဲ့ မြို့ တစ်ခြမ်းကုန်လိမ့်မယ်တဲ့လေ။ တိုးတက်လာတဲ့နည်းပညာတွေနဲ့  သဘာဝရဲ့စီးဆင်းမှုကို လိုသလိုပဲ လမ်းကြောင်းပြောင်းလိုက်တာ အမှန်ပင် ထိုမြစ်ဟာလုံးဝ ဂ ငယ်ကွေ့  မကွေ့ တော့ပဲ တဲ့တစ်ဟုန်ထိုးစီးဆင်းသွားခဲ့သည်။ ကျွန်မကောလိပ်ပြီးချိန်မှာတော့ မူလကွေ့ ပြီးစီးဆင်းခဲ့တဲ့မြစ်ဆိုတဲ့နေရာကြီးဟာ ရေစီးဆင်းမှုလျော့နည်းလာတာနဲ့ အမျှ နုံးမြေသားတွေတက်လာကာ မြေပြင်နဲ့ တစ်သားတည်းဖြစ်လို့  စပါးစိုက်ခင်းတွေနဲ့  ပနံရလို့ နေပါတော့သည်။
ပြီးခဲ့တဲ့တစ်ခေါက်အိမ်ပြန်ဖြစ်တော့ ကျွန်မနဲ့ ၁၃ နှစ်ခြားပြီးမှ မွေးလာတဲ့ ညီမလေးကို အဲ့နေရာခေါ်သွားပြီး အဲ့ဒီမြစ်လေးအကြောင်းပြောပြမိတော့ ညီမလေးက တအံတသြနဲ့  ဟုတ်လို့ လား မမကြီးရယ်တဲ့။ ဒီနေရာမှာ ဟိုးလွန်ခဲ့တဲ့နှစ်တွေဆီက မော်တော်နဲ့ ဟိုဘက်ဒီဘက်ကူးရလောက်တဲ့အကျယ်ရှိ မြစ်လေးတစ်စင်းရှိခဲ့ပါတယ်ဆိုခြင်းကို ညီမလေးက မယုံနိုင်စရာကြီးပါတဲ့။ ကျွန်မခပ်ရိုးရိုးစင်းစင်းအတွေးက ဧရာဝတီသာ ရေစီးဆင်းမှုတွေမမှန်လို့  နုံးမြေပို့ ချမှုတွေများခဲ့ရင်၊ မြစ်ထဲမှာ ရေချိုတွေနည်းပြီး ပင်လယ်ဘက်ကရေငံတွေဝင်လာခဲ့ရင် စသဖြင့် ခဲ့ရင်ပေါင်းများစွာကို တွေးမိတော့ ကျွန်မအိပ်မပျော်တော့ပေ။ ဘုရား၊ ဘုရား နောင်အနာဂါတ်မှာ ကျွန်မတို့ ရဲ့ မျိုးဆက်သစ်တွေကို ဧရာဝတီအကြောင်း ဒဏ္တာရီ အဖြစ်ပြောပြရမယ်ဆိုရင်တော့ ................။ ဘာကြောင့်များ ရှားပါးတဲ့ မြစ်နှစ်မွှာဆုံရာနေရာကိုမှ ရွေးရသလဲ။ ဘာကြောင့်များ တစ်စင်းတည်းသော ဧရာဝတီကို စတေးရသလဲ။ ဘာကြောင့်များ လျှပ်စစ်ကိုမှရောင်းပြီးစီးပွားရှာဖို့ တွေးရသလဲ။ ဘာကြောင့်များ သူကိုချစ်တဲ့သူတွေကို ဥပေက္ခာပြု၊ သူ့ တန်ဖိုးမသိတဲ့သူတွေနဲ့ ပေါင်းလို့  သူ့ ငိုသံ ပဲ့တင်ထပ်စေရသလဲ။ ထပ်ခါတလဲလဲမေးမိနေတဲ့ မေးခွန်းတွေကြားထဲမှာ ကျွန်မဦးနှောက်သေးသေးလေးတင်းကြပ်လို့  အဖြေရှာမရခဲ့။ သူများနိုင်ငံမှာ အခြေအနေအရနေ နေရပေမဲ့ မြန်မာဆန်တဲ့ဝတ်စုံလေးတွေကို အခွင်သင့်တိုင်းဝတ်ဆင်ပြီး မြန်မာလူမျိုးပါဆိုတာ ဘယ်တော့မှ ပြောဖို့ မရှက်ခဲ့သူ၊ ဒီနိုင်ငံသားပြောင်းပါလားလို့  အကြံပေးသူတွေကို ငါမြန်မာပြည်မှာပဲ သေမှာလို့  ပြုံးပြုံးလေးပြန်ပြောတတ်တဲ့ ကျွန်မ မှန်သောစကားများကိုဆိုရခြင်းကြောင်း မြစ်မင်းဧရာဝတီ အခက်အခဲကြားမှ ရုန်းထွက်လို့  အဓွန့် ရှည်ပါစေ။ ။