Thursday, November 29, 2012

ရင်နှင့် ရင်းသမျှ ~ ~

ဟိုး ..........အဝေးက
မျှော်ကြည့်လေ ရှုမဆုံးတဲ့ ကွင်းပြင်တွေမှာ
တို့ ဘိုးဘေးတို့  ထားခဲ့တဲ့ အမွေအနှစ်တွေရှိတယ် ...
သိန်းသန်း ကုဋေချီတဲ့ အုတ်ချပ်တွေကြား
အဖိုးမဖြတ်နိုင်တဲ့ စေတီအဆူဆူကို ဖူးမြော်ရင်း
အေးချမ်းတဲ့ မြေမှာမှ တည်တဲ့အခြေ။

တဝုန်းဝုန်း အသံပေး ....
မို့ မောက်တက်လာတဲ့ လှိုင်းပြာပြာကြီးတွေနဲ့ 
ပနံရလှတဲ့ အုန်းပင်တန်း တွေအရောက်
သက်ပြင်းကို ခပ်တင်းတင်း ရှိုက်ရင်း
လွမ်းစရာ့စရာမြေရယ်လို့  .... တွေးမိပါရဲ့။

အို ဘယ့် တို့ မြေ
ဆက်ခံတဲ့ အမွေအနှစ်
တို့ အတွက်များလားရယ်လို့  အိပ်မက်တောင်
ပေးမမက်တဲ့ ဘယ်သူ့ ကိုများစိတ်နာခွင့်ရပါ့မလဲ။
မျှော်မလင့်လေနဲ့  ...

သောင်းပေါင်းခြောက်ထောင်မကတဲ့ ပရိုဂျက်တွေနဲ့ 
နင်တို့ အတွက်ပါဟဲ့ လို့  ထထဟစ်ပြီး
အရိုးလေးတစ်ချောင်းထုတ် အသားလေးတစ်ဖဲ့ကော်နဲ့ 
မြန်ပြည်တခွင် ပြဲပြဲစင် အဖိုးတန်ပေ့ တို့ ကလီစာ
နှလုံးသည်းပွတ် ကုန်ပါပီကော အမိမြေရယ် ...

ဇကောလောက်မှ ဇောက်မနက်
ညှာတာမှုကင်းမဲ့ ရက်စက်လိုက်လေခြင်းရယ်လို့ 
ငိုချင်းတွေ ဘဝဂ်ညံ တန်ဆောင်မုန်းမှာမှ
သွေးပေါင်းခခဲ့ပြီ။
နွယ်မြက်ပင်တောင် ဆေးဖက်ဝင်တဲ့ ရာဇဝင်ထဲ
သမိုင်းသစ်ကို အုတ်မြစ်ချ
ဒီလမ်းကြမ်းကိုမှ ရွေးချင်သူကြီးတို့ ရေ ..........
အစဉ်အလာနဲ့ သဘောကောင်းရှာတဲ့ တို့ ပြည်သူ
လွန်တာရှိ ဝန်ဒါမိပါဆိုပြီး
မျက်ရည်ခံထိုးများ တောင်းပန်ရင်
ရှိတာလေးတွေနဲ့  ချက်ကျွေး
ခေါင်းရင်းခန်းမှာ ထားသိပ်တတ်ကြသူပါ။ ဒါကိုပဲ
အပြောင်းအလဲကြားမှာမို့  မတတ်သာတဲ့ချွေးသိပ်မှုတွေနဲ့ 
စတေးခံရတယ်ဆိုရင်တောင် ကြေးရတတ်တွေမပါဝင်တဲ့ ဒီပွဲမှာ
နင်းပြားဘဝတွေကို ကျောက်တိုင်လုပ်
သွေးသစ္စာနဲ့  ကမ္ဗည်းထိုးစေခဲ့ပြီ ......

နင်တို့ (လူတစ်စု) ပျော်ပါလေ ...
ဝဋ်ဆိုတာ ဘဝမကူးပဲလည်နေတဲ့ ဒီခေတ်ကြီးမှာ
စိတ်ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ .........
အပူအပင်ကင်းစွာ နေနိုင်ကြပါစေ .......
အစားတလုပ် အောက်ပြုတ်မကျပဲ စားနိုင်ကြပါစေ ......
မျက်ရည်တို့ ရဲ့အဝေးကိုပြေးလို့  ပျော်ရွှင်နိုင်ကြပါစေ ......
ဒုက္ခဆင်းရဲအပေါင်းတို့ မှ
သံသရာတစ်လျှောက် လွတ်အောင် ပြေးနိုင်ကြပါစေ ......