Friday, June 21, 2013
ဥပဒေမူကြမ်းနှင့် ကျွန်မ၏အမြင်
     စာရေးခြင်းဆိုတဲ့အလုပ်နဲ့ အတော်ကြီး ကင်းကွာနေသလို စာဖတ်ခြင်းတွေလည်း အနည်းငယ်ကျဲနေသည်မို့  သည်အခြေအနေကို ဘယ်လိုမှ မနှစ်မြို့ ပေမဲ့ ရှားမှရှားတဲ့အချိန်တွေထဲ အားလပ်တဲ့ အနည်းငယ်သော အချိန်လေးကိုနေရာချဖို့  အတော်ကို ခက်လှပါသည်။ ဖေ့ဘွတ်ဆိုတဲ့ ရွှေပင်လယ်ကြီးထဲက တင်လိုက်သမျှပို့ စ်တွေ၊ သတင်းတွေ၊ စာ၊ ကဗျာတွေကိုပဲ အလျှင်မီအောင် မနည်းကိုကြည့်ရင်း စိတ်တိုစရာရှိတိုလိုက်၊ စိတ်ညစ်စရာရှိညစ်လိုက် ပျော်စရာတွေ့ ပျော်လိုက်နဲ့ ပဲ ဂျာအေးသူ့ မေရိုက်နေသည်မှာ အချိန်အတော်လင့်ပြီ။ စုံလိုက်သမျှသတင်းဆိုတာကတော့ ဘယ်သတင်းစာ၊ ဘယ်ဂျာနယ်မှ အစုံအစိ မပါနိုင်တဲ့ သတင်းပိစိလေးကအစအချိန်နဲ့ တပြေးညီအမြန်သိနိုင်သည်က ထိုဖေ့ဘွတ်ကြီးမှပင်ဖြစ်ပေသည်။
     အခုရက်ပိုင်းမှာပဲ လူပြောအများဆုံး၊ အဝေဖန်ဆုံးဖြစ်နေသည်ကတော့ မျိုးစောင့်ဥပဒေမူကြမ်းတဲ့။ ကျွန်မကတော့ ဥပဒေအကြောင်းကို ကောင်းစွာသင်ကြား၊ လေ့လာဖူးသူလည်းမဟုတ်၊ အပြန်အလှန်ဝင်ရောက် ဆွေးနွေးရလောက်အောင်လည်း ဗဟုသုတနည်းပါးသူမို့ ဒီဥပဒေမူကြမ်းကို ဝေဖန်အကြုံပြုစရာ မလိုနေလောက်အောင်ပဲ တကယ့်ကို နားလည်တတ်သိပြီး ဥပဒေကြောင်းတွေကို ထုံးလိုမွှေ ရေလို့နှောက်၊ ဒေါက်ဒေါက် ဒေါက်နဲ့ကို ချပြနိုင်တဲ့ ပညာရှင်တွေကသာ ဆွေးနွေးဆုံးဖြတ်ကြလိမ့်မည်လို့ပဲ အခိုင်အမာယုံကြည်ပါသည်။ ဒါကိုပဲ သိတာလေးတစ်ထွာတစ်မိုက်ကို လူတတ်ကြီးလုပ် ငြင်းခုန်၊ စွပ်စွဲကြရုံမျှမက၊ ရုန့်ရင်းကြမ်းစွာ ပြောဆိုရေးသားကြတာတွေကိုမြင်ရတော့ တကယ်ကိုပင် နားမလည်နိုင်ဖြစ်ရသည်။ ရှိစေတော့ လူချင်းတူသော်လည်း အသက်ရှုပုံချင်းတော့ ကွာမည်ပေါ့။
      ကျွန်မရဲ့အယူအဆ၊ ခံယူချက်၊ ယုံကြည်မှုတွေကို အရင်းပြုပြီး အနည်းငယ်တော့ စဉ်းစားမိသည်။ ကျွန်မနားလည်ထားသလောက် ဥပဒေဆိုတာ အများက မကောင်းဘူးလို့ သတ်မှတ်ထားတဲ့အရာတွေကို မလုပ်ဖြစ်အောင်၊ မလုပ်မိအောင် ပြစ်ဒဏ်တစ်ခုခုနဲ့တွဲပြီး ချမှတ်ကျင်သုံးလိုက်တဲ့ စည်းကမ်းတစ်ခုပဲဟု မြင်သည်။ နိုင်ငံမှာလည်း စည်းကမ်းဆိုတဲ့ ဥပဒေရှိသလို အိမ်တိုင်းမှာလည်း အိမ်ရဲ့စည်းကမ်းဆိုတာ ရှိကြသည်။ နိုင်ငံတော်ဆိုသည်မှာ ဘာသာမတူ၊ လူမျိုးမတူသည့် လူသားအများအပြားနေထိုင်ကြသည်မို့ ထိုနိုင်ငံတော်၏ စည်းကမ်း(သို့)ဥပဒေသည် နေထိုင်သူအားလုံးအပေါ်တွင် အတတ်နိုင်ဆုံးမျှမျှတတ ဖြစ်စေနိုင်ရန် တတ်ကျွမ်းနားလည်သည့်ပုဂ္ဂိုလ်အပေါင်းက ကြိုးပမ်းချမှတ်ကြသာဖြစ်သည်။ သို့တည်းမဟုတ် ကိုးကွယ်ရာဘာသာတရားတစ်မျိုး၏ မူဝါဒ၊ အယူအဆ၊ ယုံကြည်မှုကို အခြေခံပြီး ချမှတ်ထားသည့်စည်းကမ်း၊ ဥပဒေများရှိသည်ဆိုလျှင်တော့ ထိုနိုင်ငံကို ဘာသာရေးအစွန်းရောက်နိုင်ငံဟုပင် သတ်မှတ်သုံးနှုန်းကြသေးသည်။ ဒီတော့ နိုင်ငံအနေဖြင့် တရားဝင်ချမှတ်ထားသည့် ဥပဒေများကို နိုင်ငံသားများက မလွဲမသွေလိုက်နာကြရသည်။    
         ကမ္ဘာပေါ်တွင် ဘာသာတရားပေါင်းများစွာကိုကိုးကွယ်၊ ယုံကြည်သူများ၊ ဘယ်ဘာသာကိုမှ မယုံကြည်သူများ အများအပြားရှိနေကြပေရာ ဘယ်သောအခါမှ မိမိဘာသာသည်သာ အကောင်းမွန်ဆုံး၊ အမြင့်မြတ်ဆုံး၊ ယုံကြည်ဖို့ရာ အသင့်တော်ဆုံးဟု ဆိုရန် မလျှော်ကန်လှပေ။ သိုပေမဲ့ ကျွန်မသက်ဝင်ယုံကြည်တဲ့ဗုဒ္ဓဘာသာ၏အဆုံးအမများကိုတော့ ပြန်လည်ကိုးကားချင်ပါသည်။
 မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဘယ်အရာတွေကတော့ဖြင့် လုပ်ရန်မသင့်တော်၊ ဘယ်အရာတွေကိုဖြင့် လုပ်သင့်သည် အဘယ်သို့သောလူမျိုးကိုဖြင့် အဆွေခင်ပွန်းဖွဲ့သင့်သည်၊ ဘယ်သူမျိုးကိုဖြင့် ရှောင်ကြဉ်အပ်သည်၊ ဘယ်သို့ဘယ်ပုံကောင်းအောင်နေထိုင်ပါ၊ ဘယ်လိုနေထိုင် ပြောဆိုလျှင်ဖြင့် လူအများမှဖယ်ခွာလိမ့်မည်၊ စသဖြင့် မြောက်မြားလှစွာသော တရားတော်တို့ကို ဟောကြားတော်မူခဲ့ပေမဲ့ မိမိကိုယ်တိုင်ထိုအဆုံးအမတို့ကို သေချာလေ့လာပြီး စဉ်းစားဆုံးဖြတ်ကာ ကိုယ်တိုင်တွေ့ကြုံခြင်းအားဖြင့် ဒါတွေကတော့မှန်နေတာပဲ၊ ဒါတွေက တကယ်ဖြစ်နေပါလား ဆိုပြီး လေးစားလိုက်နာမိပါသည်။ ထို့ကြောင့် မွေးဖွားကြီးပြင်းလာကတည်းက မိဘများမှ လက်ဆင့်ကမ်းပေးလိုက်သော မိရိုးဖလာ ဗုဒ္ဓဘာသာဝင် ဆိုသည့်ခေါင်းစဉ်အောက်မှ တဆင့်တက်ကာ ကိုယ်တိုင် သက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာဝင်အဖြစ် တိုးတက်လာခဲ့သည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမများနှင့်အညီ အတတ်နိုင်ဆုံးစောင့်ထိန်း၊ နေထိုင်ခြင်းအားဖြင့် အဘယ်သို့သော မကောင်းမှုကိုမှ ချိုးဖောက်မိခြင်းမရှိတော့ပေ။  အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်မတို့နိုင်ငံတွင်ချမှတ်ထားသော စည်းကမ်း၊ ဥပဒေများကို သေချာစွာ မဖတ်ရှုဖူးသော်လည်း ထိုစည်းကမ်း၊ ဥပဒေများနှင့် သွေဖီသွားစေမည့် အဘယ်သို့သောလုပ်ရပ်မျိုးကိုမှလည်း ယနေ့အချိန်အထိ မလုပ်ခဲ့မိဖူးချေ။ အချုပ်ဆိုသော် စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးတစ်ယောက်အတွက် မည်သို့သော ဥပဒေ၊ စည်းကမ်းမျိုးကိုမှ တကူးတက ကြိုတင်ကာကွယ်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ချမှတ်ပေးရန် လိုအပ်လိမ့်မည်မထင်ပေ။ အကြင်သူ၏ ရင်ထဲတွင် မြတ်ဘုရား၏အဆုံးအများဖြင့် ထုံမွှန်းလျှက် ကံ ကံ၏အကျိုးကို မမေ့မလျော့ပဲ မြတ်ဗုဒ္ဓလမ်းပြတော်မူခဲ့သော နည်းနာနိဿယများကို အခြေခံကာ ကိုယ်တိုင်ကောင်းစွာနားလည် လက်ခံသဘောပေါက်ပြီး ကျင့်ကြံနေသည်ပင်လျှင် အရာခပ်သိမ်း လုံခြုံနေပြီဖြစ်သည်။ သူ့အတွက်တော့ စည်းကမ်း (သို့) ဥပဒေရှိခြင်း မရှိခြင်းသည် အဘယ်သို့သော ပြောင်းလဲမှုကိုမှ မဖြစ်စေနိုင်။ အကယ်၍ အကြင်သူသည် ဗုဒ္ဓဘာသာဝင်ပင်ဖြစ်လင့်ကစား မြတ်ဗုဒ္ဓ၏ တရားတော်တို့ကိုကောင်းစွာနားမလည်၊ မကျင့်ကြံ မလိုက်နာပဲ အမည်ခံဘာသာဝင်ဖြစ်နေခဲ့လျှင် ဘယ်သို့သော တင်းကျပ်စွာ ကာကွယ်သော စည်းကမ်း ဥပဒေများကို ချမှတ်ထားစေကာမူ လွယ်လင့် တကူချိုးဖောက်ရန်၊ ၎င်းတို့ဆန္ဒရှိသည်များကိုသာ ဦးစားပေးကျူးလွန်ကြရန် ဝန်လေးမည်မဟုတ်။ ထို့ကြောင့် မိမိဘာသာတရားကို အမှန်တကယ် ထိန်းသိမ်းကာကွယ်ရန် ဆန္ဒရှိကြလျှင် ဘယ်သို့သော မျိုးစောင့်စည်းကမ်း၊ ဥပဒေများကို ကြိုးစားချမှတ်လင့်ကစား၊ အမှန်တကယ်ကျင့်ကြံလိုက်နာမှသာ ထိရောက်ပေမည်။ ထိုသို့ စောင့်ထိန်းလိုက်နာခြင်းဖြင့် မိမိတို့၏ဘာသာတရားကို စောင့်ရှောက်ရန် မိမိကိုယ်တိုင် စစ်မှန်စွာ ဗုဒ္ဓဘာသာ၏ အနှစ်သာရများကို နားလည်ပြီးမြတ်ဘုရားရှင်၏ ဆိုဆုံးမတရားတော်တို့နှင့်အညီ ကောင်းစွာနေထိုင်အသက်ရှင်သူဖြစ်လာပါက ထိုဥပဒေ စည်းကမ်းများရှိခြင်း၊ မရှိခြင်းသည် ကောင်းစွာအရေးမပါတော့ကြောင်း သိရှိနားလည်ထားသင့်သည်။
       ထို့ကြောင့် တစ်ချိန်ချိန်တွင် မိဘကောင်းများဖြစ်လာကြမည့် ဗုဒ္ဓဘာသာဝင်ကျွန်မတို့အနေဖြင့် မိမိတို့၏ သားသမီး၊ တပည့်မောင်းမများကို စစ်မှန်သော ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူများဖြစ်လာစေရန် နည်းပေးလမ်းပြ မိမိတို့ကိုယ်တိုင်လည်း ကြိုးစားအားထုတ်ရန် များစွာလိုအပ်လှသည်။
 ဤသည်ကား ထိုဥပဒေမူကြမ်းနှင့်ပတ်သက်၍ ကျွန်မ၏ ထင်မြင်ယူဆချက်၊ စဉ်းစားတွေးတောမိသည်များကို ဝေမျှခြင်းသက်သက်သည်သာဖြစ်ပါကြောင်း နှင့် စာဖတ်သူများအနေဖြင့်လည်း မိမိတို့နှစ်သက်သလို့ လက်ခံယုံကြည်ခြင်းဖြင့် သဘောထားကွဲလွဲနိုင်ပါကြောင်း ဆိုပါရစေ။
အားလုံးသော စာဖတ်သူအပေါင်း ငြိမ်းချမ်းသာယာရှိပါစေ။
Thursday, April 18, 2013
အလွမ်းသက်သေ
ကောင်မလေးရေ ....
ငါမရှိတဲ့ ကမ္ဘာတစ်ဘက်ခြမ်းမှာမှ
မင်းအိပ်ပျော်တယ်ဆိုရင်လေ
ငါရဲ့နေ့ တွေကို မိုးစုန်းစုန်းချုပ်ပစ်လိုက်မယ်။
စမိတဲ့ အတွေးတစ်ချက်အတွက်
သမိုင်းကိုပြန်ဖတ်ဖို့ လိုနေရင်တောင် ....
ဝေးကွာနေတဲ့ မင်းရဲ့နေ့ နဲ့  ငါ့ရဲ့ညတွေကြား
သီချင်းတွေလည်း မချို
မျှော်လင့်ခြင်းတွေ အစပျောက်ခဲ့ပြီ။
ခရီးမရောက်နိုင်တဲ့ နာရီတွေကိုဖက်တွယ်
မိန်းမောခဲ့ဖူးတဲ့ အတိတ်ထဲမှာ မျောရင်း
ပျံ့ လွင့်လာတတ်တဲ့ ရနံ့ လေးနဲ့ တင်
မနက်ဖြန်တိုင်းအတွက် လွမ်းဖို့ 
အသင့်ရှိခဲ့သူပါ။
မုန်သုန်ကို အမြန်ထွက်ဖို့ 
ငါမနှင်ခဲ့ပါဘူး။
လေယူရာတိမ်းတိုင်း ငါ့နေ့ ရက်တွေ လိုက်ယိမ်းတတ်ဖို့ 
မိုးကြိုးသွားကိုမှ နှလုံးသားနဲ့ သွေးပြီး
ပေးအပ်ခဲ့သူ ....
တကယ်ပါ ကောင်မလေးရယ်
ဝါးရုံတောလေးအောက်က ခုံတန်းလေးတွေ၊
ယူကလစ်ပင်တန်းအောက်က မြေနီလမ်းတွေ၊
ဒေါနစိမ်းရောင်ဝေ့နေတဲ့ ကော်ရစ်ဒါလမ်းလေးတွေ၊
ဒိန်း ခနဲတစ်ချက်ခုန်လိုက်တိုင်း
စူးရှရှ အောင့်သွားတတ်တဲ့ ဝဲဘက်ရင်အုံလေးရယ်က
စောင့်နေကြလေရဲ့ ....
သိမ်းထုပ်ထားတဲ့ ခပ်ရင့်ရင့်နှစ်ချို့ အလွမ်းတွေ
မင်းကို ဆက်သဖို့ တဲ့ ....
မြတ်မဒီ
Thursday, November 29, 2012
ရင်နှင့် ရင်းသမျှ ~ ~
ဟိုး ..........အဝေးက
မျှော်ကြည့်လေ ရှုမဆုံးတဲ့ ကွင်းပြင်တွေမှာ
တို့ ဘိုးဘေးတို့  ထားခဲ့တဲ့ အမွေအနှစ်တွေရှိတယ် ...
သိန်းသန်း ကုဋေချီတဲ့ အုတ်ချပ်တွေကြား
အဖိုးမဖြတ်နိုင်တဲ့ စေတီအဆူဆူကို ဖူးမြော်ရင်း
အေးချမ်းတဲ့ မြေမှာမှ တည်တဲ့အခြေ။
တဝုန်းဝုန်း အသံပေး ....
မို့ မောက်တက်လာတဲ့ လှိုင်းပြာပြာကြီးတွေနဲ့ 
ပနံရလှတဲ့ အုန်းပင်တန်း တွေအရောက်
သက်ပြင်းကို ခပ်တင်းတင်း ရှိုက်ရင်း
လွမ်းစရာ့စရာမြေရယ်လို့  .... တွေးမိပါရဲ့။
အို ဘယ့် တို့ မြေ
ဆက်ခံတဲ့ အမွေအနှစ်
တို့ အတွက်များလားရယ်လို့  အိပ်မက်တောင်
ပေးမမက်တဲ့ ဘယ်သူ့ ကိုများစိတ်နာခွင့်ရပါ့မလဲ။
မျှော်မလင့်လေနဲ့  ...
သောင်းပေါင်းခြောက်ထောင်မကတဲ့ ပရိုဂျက်တွေနဲ့ 
နင်တို့ အတွက်ပါဟဲ့ လို့  ထထဟစ်ပြီး
အရိုးလေးတစ်ချောင်းထုတ် အသားလေးတစ်ဖဲ့ကော်နဲ့ 
မြန်ပြည်တခွင် ပြဲပြဲစင် အဖိုးတန်ပေ့ တို့ ကလီစာ
နှလုံးသည်းပွတ် ကုန်ပါပီကော အမိမြေရယ် ...
ဇကောလောက်မှ ဇောက်မနက်
ညှာတာမှုကင်းမဲ့ ရက်စက်လိုက်လေခြင်းရယ်လို့ 
ငိုချင်းတွေ ဘဝဂ်ညံ တန်ဆောင်မုန်းမှာမှ
သွေးပေါင်းခခဲ့ပြီ။
နွယ်မြက်ပင်တောင် ဆေးဖက်ဝင်တဲ့ ရာဇဝင်ထဲ
သမိုင်းသစ်ကို အုတ်မြစ်ချ
ဒီလမ်းကြမ်းကိုမှ ရွေးချင်သူကြီးတို့ ရေ ..........
အစဉ်အလာနဲ့ သဘောကောင်းရှာတဲ့ တို့ ပြည်သူ
လွန်တာရှိ ဝန်ဒါမိပါဆိုပြီး
မျက်ရည်ခံထိုးများ တောင်းပန်ရင်
ရှိတာလေးတွေနဲ့  ချက်ကျွေး
ခေါင်းရင်းခန်းမှာ ထားသိပ်တတ်ကြသူပါ။ ဒါကိုပဲ
အပြောင်းအလဲကြားမှာမို့  မတတ်သာတဲ့ချွေးသိပ်မှုတွေနဲ့ 
စတေးခံရတယ်ဆိုရင်တောင် ကြေးရတတ်တွေမပါဝင်တဲ့ ဒီပွဲမှာ
နင်းပြားဘဝတွေကို ကျောက်တိုင်လုပ်
သွေးသစ္စာနဲ့  ကမ္ဗည်းထိုးစေခဲ့ပြီ ......
နင်တို့ (လူတစ်စု) ပျော်ပါလေ ...
ဝဋ်ဆိုတာ ဘဝမကူးပဲလည်နေတဲ့ ဒီခေတ်ကြီးမှာ
စိတ်ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ .........
အပူအပင်ကင်းစွာ နေနိုင်ကြပါစေ .......
အစားတလုပ် အောက်ပြုတ်မကျပဲ စားနိုင်ကြပါစေ ......
မျက်ရည်တို့ ရဲ့အဝေးကိုပြေးလို့  ပျော်ရွှင်နိုင်ကြပါစေ ......
ဒုက္ခဆင်းရဲအပေါင်းတို့ မှ
သံသရာတစ်လျှောက် လွတ်အောင် ပြေးနိုင်ကြပါစေ ......
Monday, October 3, 2011
အတွေးထဲမှာ ဧရာဝတီအတွက် သစ္စာဆိုခြင်း
ကျွန်မအထက်တန်းကျောင်းသူဘဝတုန်းက ဇော်ဝင်းထွ​​ဋ် ဆိုတဲ့ "စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်" သီချင်းကို သိပ်ကြိုက်မိသည်။ သီချင်းရဲ့စာသား၊ တီးလုံးကိုကြိုက်ရုံသာမက မြန်မာနိုင်ငံအနှံ့ ရှုခင်းတွေနဲ့  တိုင်းရင်းသားရိုးရာအကတွေနဲ့  တီဗွီမှာ အမြဲစောင့်ကြည့်မိတဲ့သီချင်းတစ်ပုဒ်ဖြစ်ခဲ့သည်။ သီချင်းအစမှာ " မေခနဲ့  မလိခ ဆုံစီးဆင်းရာ ဂျိန်းဖောတို့ ရဲ့ ဌာနေ တစ်မြေစီခြားနေလည်း ရင်မှာအမြဲတည်ဆဲ၊ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် ရှိနေမယ်......." ဆိုပြီး မြစ်ဆုံရဲ့ လှပတဲ့ရှုခင်းလေးတွေ တွေ့ ရသည်။ အဲ့ကတည်းကပင်တစ်နေ့ တော့ မေခနဲ့ မလိခကဘယ်လိုပေါင်းဆုံကြပြီး  မြစ်ဆုံကြီးဖြစ်လာသလဲဆိုတာ  ရောက်အောင်သွားလေ့လာမည်ဆိုတဲ့ရောဂါတက်ခဲ့သည်။ပိုက်ဆံတွေရှိလာရင် မြန်မာနိုင်ငံအနှံ့ ခရီးထွက်မည်လို့ တောင်ကြွေးကြော်မိခဲ့သည်။ သို့ ပေမဲ့ လွမ်းရေးထက် ဝမ်းရေးက ပိုခက်နေတဲ့ဘဝကြီးထဲမှာ အခုချိန်ထိ အိမ်မက်က အိမ်မက်ထဲမှာသာရှိနေဆဲပင်။ ဟော အခုမြစ်ဆုံဆိုတဲ့ သာယာလှပတဲ့ နေရာမှာ စင်္ကာပူတစ်မြို့ စာနီးပါးမျှရှိတဲ့ ဆည်ကြီးဆောက်နေပြီဆိုတော့ ကျွန်မရဲ့ ခပ်ပိန်းပိန်းအတွေးထဲမှာ အရင်တွေးမိတာက ငါတော့ မြစ်ဆုံရဲ့ လှပတဲ့ရှုခင်းလေးတွေ မြင်ရပါတော့မလားမသိဟုပင်။ 
ကျွန်မက အသက်ကသာတစ်နှစ်ထက်တစ်နှစ်ကြီးလာပေမဲ့ အတွေးအခေါ်ကတော့ တကယ်ကို ကလေးသာသာပင်ရှိသည်မှာ မှန်လိမ့်မည်။ အဆိုပါကြီးမားလှတဲ့ဆည်ကြီးကနေ လျှစ်စစ်တွေထုတ်မည်တဲ့။ ပြီး သူများနိုင်ငံကိုလည်းရောင်းမည်တဲ့။ တကယ်တော့ ကိုယ်ရောင်းလိုက်မဲ့ သူများနိုင်ငံကြီးက ဒီလျှစ်စစ်ကိုမရခင် အခုကတည်းက ထိန်ထိန်ငြီးပြီးသားပင်။ ကျွန်မတို့ သာအခုထိ ဖယောင်းတိုင်ဆောင်နေရဆဲ။ တစ်ခါ ဧရာဝတီအကြောင်းတွေးမိတော့ မြစ်ထဲမှာ လျှို့ ဝှက်ချက်တွေ ဆန်းကျယ်တဲ့ရာဇဝင်တွေ၊ မယုံလို့ မရတဲ့ ဇာတ်လမ်းတွေ အများကြီးရှိတယ်လို့  အမြဲပြောပြတတ်တဲ့ သူငယ်ချင်းစကားတွေကို ကြားယောင်မိသည်။ မြောက်ကနေ တောင်ကိုစီးဆင်းနေတဲ့ ဒီမြစ်ကြီးကို အထက်ပိုင်းကနေပိတ် ဆည်ဆောက်လိုက်ရင် မြစ်အောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲလို့  ကျွန်မရဲ့ တစ်ထွာတစ်မိုက်ဥာဏ်လေးနဲ့  စဉ်းစားမိတော့ မြစ်ကြီးကောသွားရင်ဒုက္ခလို့  လန့် သွားမိသည်။ 
ပြီးခဲ့တဲ့တစ်ခေါက်အိမ်ပြန်ဖြစ်တော့ ကျွန်မနဲ့ ၁၃ နှစ်ခြားပြီးမှ မွေးလာတဲ့ ညီမလေးကို အဲ့နေရာခေါ်သွားပြီး အဲ့ဒီမြစ်လေးအကြောင်းပြောပြမိတော့ ညီမလေးက တအံတသြနဲ့  ဟုတ်လို့ လား မမကြီးရယ်တဲ့။ ဒီနေရာမှာ ဟိုးလွန်ခဲ့တဲ့နှစ်တွေဆီက မော်တော်နဲ့ ဟိုဘက်ဒီဘက်ကူးရလောက်တဲ့အကျယ်ရှိ မြစ်လေးတစ်စင်းရှိခဲ့ပါတယ်ဆိုခြင်းကို ညီမလေးက မယုံနိုင်စရာကြီးပါတဲ့။ ကျွန်မခပ်ရိုးရိုးစင်းစင်းအတွေးက ဧရာဝတီသာ ရေစီးဆင်းမှုတွေမမှန်လို့  နုံးမြေပို့ ချမှုတွေများခဲ့ရင်၊ မြစ်ထဲမှာ ရေချိုတွေနည်းပြီး ပင်လယ်ဘက်ကရေငံတွေဝင်လာခဲ့ရင် စသဖြင့် ခဲ့ရင်ပေါင်းများစွာကို တွေးမိတော့ ကျွန်မအိပ်မပျော်တော့ပေ။ ဘုရား၊ ဘုရား နောင်အနာဂါတ်မှာ ကျွန်မတို့ ရဲ့ မျိုးဆက်သစ်တွေကို ဧရာဝတီအကြောင်း ဒဏ္တာရီ အဖြစ်ပြောပြရမယ်ဆိုရင်တော့ ................။ ဘာကြောင့်များ ရှားပါးတဲ့ မြစ်နှစ်မွှာဆုံရာနေရာကိုမှ ရွေးရသလဲ။ ဘာကြောင့်များ တစ်စင်းတည်းသော ဧရာဝတီကို စတေးရသလဲ။ ဘာကြောင့်များ လျှပ်စစ်ကိုမှရောင်းပြီးစီးပွားရှာဖို့ တွေးရသလဲ။ ဘာကြောင့်များ သူကိုချစ်တဲ့သူတွေကို ဥပေက္ခာပြု၊ သူ့ တန်ဖိုးမသိတဲ့သူတွေနဲ့ ပေါင်းလို့  သူ့ ငိုသံ ပဲ့တင်ထပ်စေရသလဲ။ ထပ်ခါတလဲလဲမေးမိနေတဲ့ မေးခွန်းတွေကြားထဲမှာ ကျွန်မဦးနှောက်သေးသေးလေးတင်းကြပ်လို့  အဖြေရှာမရခဲ့။ သူများနိုင်ငံမှာ အခြေအနေအရနေ နေရပေမဲ့ မြန်မာဆန်တဲ့ဝတ်စုံလေးတွေကို အခွင်သင့်တိုင်းဝတ်ဆင်ပြီး မြန်မာလူမျိုးပါဆိုတာ ဘယ်တော့မှ ပြောဖို့ မရှက်ခဲ့သူ၊ ဒီနိုင်ငံသားပြောင်းပါလားလို့  အကြံပေးသူတွေကို ငါမြန်မာပြည်မှာပဲ သေမှာလို့  ပြုံးပြုံးလေးပြန်ပြောတတ်တဲ့ ကျွန်မ မှန်သောစကားများကိုဆိုရခြင်းကြောင်း မြစ်မင်းဧရာဝတီ အခက်အခဲကြားမှ ရုန်းထွက်လို့  အဓွန့် ရှည်ပါစေ။                 ။
Sunday, August 28, 2011
အားကစားနဲ့ ကျွန်မ
ဒီရောက်ကတည်းက အားကစားနဲ့ ကျွန်မ ရန်ဖြစ်ထားသလားလို့ ထင်ရအောင် အလှမ်းဝေးလှပါသည်။  ကျွန်မက ပိန်ချင်လို့  လှချင်လို့  အားကစားလုပ်ချင်တာမျိုးမဟုတ်ပဲ တနေကုန်ထိုင်ပြီး အာရုံနောက်လှတဲ့ ရုံးအလုပ်တွေမှာ ကိုယ်လက်လှုပ်ရှားမှုမှ မရှိရင် လူတစ်ကိုယ်လုံးထိုင်းမှိုင်းကာ ပေါ့ပေါ့ပါးပါးမရှိသလို့ ခံစားရသောကြောင့်သာ လေ့ကျင်ခန်းလုပ်ဖြစ်ခဲ့ခြင်းပင်။ ရန်ကုန်မှာ အလုပ်လုပ်တုန်းကတော့ ကျွန်မနေတဲ့အဆောင်က အင်ယားကန်ဘောင်နဲ့ သိပ်မဝေးတာကြောင့် ဒီဇင်ဘာဆို မနက်ခင်းတိုင်း ပြေးဖြစ်ခဲ့ပါသည်။ စပြေးကာစ ၃၊၄ ရက်လောက်မှာတော့ ထိုင်၊ထမရအောင်ပင် ခြေထောက်များ နာကျင်ကိုက်ခဲတတ်ပေမဲ့ နောက်ပိုင်းမတော့ လူတစ်ကိုယ်လုံးပေါ့ပါးသွက်လက်လာသဖြင့် အင်မတန်မှ နေလို့ ထိုင်လို့ ကောင်းလှသည်မှာအမှန်ပင်။
လွန်ခဲ့တဲ့ ၂ ပါတ်ကျော်လောက်ကတည်းက ညပိုင်း ရုံးဆင်းပြီးချိန်တွင် နာရီဝက်ခန့် ပြေးတဲ့လေ့ကျင့်ခန်း စဖြစ်သည်။ ထုံးစံအတိုင်း မလုပ်တာ ၂ နှစ်ကျော် ၃ နှစ်မျှ ရှိပြီမို့  အစ ၃ ရက်လောက်တွင် ကုတင်ပေါ်က မဆင်းနိုင်လောက်အောင် ခြေထောက်များနာကျင်ကိုက်ခဲလှသည်။ သို့ ပေမဲ့ အားတင်းပြီး ဆက်တိုက်လုပ်ရင်း အနည်းငယ်သက်သာသွားသဖြင့် ဝမ်းသာအားရရှိသေး အပူတက်ကာဖျားပါတော့သည်။ ဒါလည်း ဒီရောက်ပြီးနောက်ပိုင်း ပထမဆုံးဖျားခြင်းပင်။ ဖြစ်ချင်တော့ အဲ့နေ့ မှာပဲ ရုံးကသူငယ်ချင်းအချို့ နဲ့  ကြက်တောင်ရိုက်ဖို့ ချိန်းထားပေမဲ့ မသွားနိုင်တော့ပေ။ ရာသီဥတုကလည်း ပူလိုက် အေးလိုက်နဲ့  ကျွန်မအဖျားလည်း တက်လိုက်ကျလိုက်ပင်။ ဒါနဲ့ ပဲ တစ်ပါတ်လောက် ကျွန်မ စားလိုက်သောက်လိုက်နဲ့ နားဖြစ်ခဲ့ပြန်သည်။
မနေ့ ကတော့ ရုံးကသူငယ်ချင်းအချို့ နဲ့ ပင် ကြက်တောင်သွားရိုက်ဖြစ်သည်။ ချောင်ဆိုးအနည်းငယ်ကျန်သေးပေမဲ့ အေးနေတဲ့သွေးတွေ ပူစေခြင်းငှာ မဖြစ်ဖြစ်အောင်ပင် သွားဖြစ်ခဲ့သည်။ ရန်ကုန်မှာတုန်းကတော့ မောင်နှမတွေနဲ့  ခြံထဲမှာအပျော်တမ်းကြက်တောင်ရိုက်ဖြစ်ခဲ့ပေမဲ့ နည်းစနစ်တကျ သင်ကြားခဲ့တာမဟုတ်လေတော့ သူတို့ နဲ့ မကစားခင် အရင်သင်ရပါသည်။ နေရာကို တစ်နာရီပဲဘွတ်ကင် လုပ်ထားလို့  တစ်လှည့်စီကစားရသည်။ ကျွန်မကို ကစားဖို့ ခေါ်တဲ့ ဖိလစ်ပိုင်ကောင်လေးက ကြက်တောင်ကို အလုပ်တွေလို့ သဘောထားတဲ့။ သွားစမ်းဆိုပြီး အားကုန်သာရိုက်၊ ပြီးသားရင် စိတ်ထဲကဖိအားတွေ လျော့သွားရော လို့ ပြောလို့ ကျွန်မမှာ သဘောကျရသေးသည်။ အမှန်ပင်။ သူပြောသလို မီးကုန်ယမ်းကုန် အားထုတ်သုံးပြီး ကြက်တောင်ရိုက်လိုက်တာ နှာဖူးကချွေး၊ ခြေမကျလို့  တစ်ကိုယ်လုံးလည်း ရွှဲနစ်သွားရော ကျွန်မစိတ်တွေ အတော်ကို ပေါ့ပါးလန်းဆန်းသွားတော့သည်။
အဲ့ဒီ့အချိန်အတွင်း သောက်ရတဲ့ရေကလည်း အင်မတန်မှပင် အရသာရှိလှသည်။ ကျွန်မမှာ အားလပ်ချိန်တွေ သိပ်ပိုပိုလျှံလျှံမရှိပေမဲ့ ဝါသနာပါတဲ့ စာရေး၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ လေ့ကျင်ခန်းလုပ်ခြင်းများ အပြင် အခြားဘာသာစကားသင်ယူခြင်း စသဖြင့် ရုံးချိန်ပြင်ပ အချိန်သိပ်မလောက်လှပေ။ တစ်ခါတစ်ရံ ကျွန်မတစ်ကိုယ်တည်းနဲ့  လုပ်ချင်တဲ့အလုပ်တွေ သိပ်များနေသဖြင့် လောဘကြီးလိုက်တဲ့ ငါ ပါလားဆိုကာ ပြန်လျှော့ရသေးသည်။ တကယ်တော့ ကျွန်မတို့ ရှင်သန်ရာလောကကြီးထဲမှာ အသက်ရှင်ရပ်တည်နိုင်ဖို့  စား၊ဝတ်၊နေရေးအတွက် လုပ်သင့်တဲ့အလုပ်တွေကို လုပ်နေသလို့  တစ်ဖက်ကလည်း ကိုယ်ဝါသနာပါရာ အလုပ်လေးတွေလုပ်ရင်း နေထိုင်ခွင့်ရသည်မှာ ကျေနပ်စရာပင်။ ချစ်တဲ့ စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများ အားလုံးလည်း စိတ်ဧ။်ချမ်းသာခြင်း၊ ကိုယ်ဧ။်ကျန်းမာခြင်းနဲ့  ဘဝကို ရှေ့ဆက်နိုင်ကြပါစေ။   ။
Friday, August 26, 2011
သံရုံးသို့  တစ်ခေါက်
ကျွန်မဒီရက်တွေထဲမှာ သိပ်အိပ်မပျော်လှပါ။  ကျွန်မရဲ့ပတ်စ်ပိုစ့်က သက်တမ်းကုန်ခါနီးတာမို့  ၂ နှစ်စာ အခွန်ဆောင်ဖို့ ၊ စာအုပ်အသစ်လုပ်ဖို့ စသဖြင့် တွက်ချက်ကြည့်လိုက်တော့ စလုံးဒေါ်လာ ၂၀၀၀ နီးပါး လျောနိုင်တာမို့  ရင်တုန်ပန်းတုန်ရှိလှသည်။ ဒီရက်ပိုင်းမှာမှ မြန်မာနိုင်ငံတွင် အခွန်များကို ၁၀ % မှ ၂% လျော့ဆောင်ဖို့ ကြေငြာချက်ထုတ်သည်ဆိုတော့ ကျွန်မမှာဝမ်းသာလိုက်သည့်အမျိုး။ သို့ ပေမဲ့ ဒီကသံရုံးမှာ အတည်ဖြစ်ပြီလား၊ ဘယ် ၂% ကို ဆောင်ခိုင်းတာလဲ စသဖြင့် ကျွန်မ တိတိကျကျ သိဖို့ လိုလာသည်။
ဒီနေ့ တော့ ရုံးက ဖိလစ်ပင်းမလေးကိုယ်စား ဂျာဂျာကြီးရဲ့ပတ်စ်ပိုစ့် မြန်မာနိုင်ငံသွားဖို့ ဗီဇာ လျှောက်ထားတာ သွားယူပေးဖြစ်ပါတယ်။ ကျွန်မစလုံးမှာ အလုပ်လုပ်တဲ့ သက်တမ်း ၂ နှစ်ကျော်အတွင်းမြန်မာသံရုံးကို မရောက်ဖူးဘူးလို့ ဖြေတော့ သူမက အံ့သြတကြီးမျက်လုံးတွေနဲ့ ကြည့်ကာ တကယ်မရောက်ဖူးတာလား လို့ လည်း ထပ်ကာမေးပါသည်။ နောက် သူမက သံရုံးကိုသွားသင့်တယ်တဲ့။ တစ်ခုခု ဘာပြသနာပဲရှိရှိ နိုင်ငံရပ်ခြားမှာ သူတို့ ကပဲကူညီဖြေရှင်းပေးနိုင်တာတဲ့။ ကျွန်မဘာကြောင့်မရောက်ဖြစ်တဲ့အကြောင်းသူမကို ထူးပြီး ရှင်းမပြတော့ပါ။ ကျွန်မကိုယ်တိုင်လည်း မြန်မာသံရုံးမှာ တစ်ခါမှ အကူအညီမတောင်းဖူးပဲ အခြားသူငယ်ချင်းများဆီမှလည်း သူမပြောသလိုကူညီပေးနိုင်တယ်ဆိုတဲ့ သတင်းမျိုးမကြားဖူးလေတော့ အတတ်မပြောတတ်ပေ။ တကယ်တမ်း ကျွန်မကိုယ်တိုင်က ပတ်စ်ပိုစ့်အသစ်လုပ်ဖို့ ၊ သက်တမ်းတိုးဖို့ ၊ အခွန်ဆောင်ဖို့  စတဲ့အကြောင်းအရာတွေရှိမှသာ သံရုံးကိုသွားဖို့ လိုအပ်သည်လို့ ထင်နေရာ အခြားအကြောင်းအရာတွေနဲ့ ပတ်သတ်သမျှ သံရုံးအကြောင်း ယောင်လို့ တောင် ခေါင်းထဲမထည့်မိပေ။
ဒါနဲ့ ပဲ ကျွန်မလည်း မကြာခင် အခွန်ဆောင်ဖို့ ရှိသည့်အတွက် အခုကတည်းက ရောက်ဖူးအောင် သွားပေးမည်ဆိုကာ ထွက်လာခဲ့သည်။ တက်စ်စီငှားစီးတော့ ကုလားအဖိုးကြီးတစ်ဦး၊ ဘယ်လဲလို့ အရင်မေးသည်။ မြန်မာသံရုံးဆိုတော့သူမသိဘူးလိပ်စာပြောတဲ့။
လိပ်စာရွတ်ပြလိုက်တော့လည်း နေရာမသိတဲ့။ ဒါနဲ့  နောက်တစ်စီးပေါ့လေ။ အဲ့ဒီ အန်ကယ်ကတော့ သူကြားဖူးတယ်တဲ့။ အမလေး တော်သေးတာပေါ့။ ကမန်းကတန်းတက်လိုက်မိသည်။ နာရီဝက်လောက်တော့ မောင်းလိုက်သည်နဲ့ တူသည်။  မီးပွိုင့်မိတိုင်း မြေပုံလေးထုတ်ပြီး လမ်းတွေကြည့်နေသည့်အန်ကယ်ကို ကြည့်ကာ ရောက်မှ ရောက်ပါ့မလား ထင်မိသည်။ နောက်ဆုံး ရှာတွေ့ ပါသည်။ အန်ကယ်ကတော့ သူ မရောက်တာ အတော်ကြီးကို ကြာနေလို့ ပါတဲ့။ ဘာပဲဖြစ်ဖြစ် ရောက်လာတာပဲတော်လှပြီ။ ကျေးဇူးအန်ကယ်လို့ ပြောပြီး ဝမ်းသာအားရဆင်းလာမိတာ ကားခလက်ခံဖြတ်ပိုင်းတောင်းဖို့ မေ့သွားသည်။ ရှိစေတော့။
 သံပန်းတံခါးပေါက်အသေးလေးကနေ အသာဝင်လိုက်တော့ ညာဘက်ထောင့်လေးမှာ အဆောက်အဦးတစ်လုံးရှိနေကာ အပေါက်နဲ့ မျက်နှာချင်းဆိုင်မှာတော့ ရေကစားမဏ္ဍပ်လို အမိုးလေးအောက်မှာ ခုံအပြည့်တို့ နိုင်ငံသားလေးတွေထိုင်နေတာတွေ့ ရသည်။ ရုံးကတော့ ဒီအဆောက်အဦးပဲဖြစ်ရမယ်ဆိုပြီး တံခါးတွန်းဖွင့်ပြီးဝင်လိုက်တော့ အထဲမှာလည်း လူတွေအပြည့်တွေ့ ရပြန်သည်။ ကောင်တာ(၁)၊ (၂) စသဖြင့် မျက်စိတစ်ဝေ့အောက်မှာတင် ကွက်ကွက်ကွင်းကွင်းမြင်ရတဲ့ စာရတမ်းလေးတွေကိုကြည့်ရင်း ဗီဇာ ဆိုတဲ့ကောင်တာကိုအရောက် အန်ကယ်ကြီးတစ်ယောက် ထိုင်နေတာတွေ့ သည်။ အခြားကောင်တာတွေမှာ ကြိတ်ကြိတ်တိုးနေသလောက် ဒီကောင်တာမှတော့ တစ်ဦးတစ်ယောက်မှ မရှိချေ။ ဒါနဲ့ ပဲ ဗီဇာကောင်တာသွားလို့  အန်ကယ်ကြီးကို ရယ်ပြရင်း ဗီဇာလျှောက်ထားတာ ပတ်စ်ပိုစ့်လာယူတာပါလို့  မြန်မာလိုပဲ ခပ်မြန်မြန်ပြောလိုက်ပါသည်။ အန်ကယ်ကြီးက ဘာမှမပြောပဲ လက်ဖြန့် ပြီး ဖြတ်ပိုင်းပေးဆိုတဲ့ပုံစံနဲ့ တောင်းသည်။ ကမန်းကတန်း ကိုယ်ယူလာတဲ့ ဖြတ်ပိုင်းလေးကိုထုတ်ပေးတော့ သူကလည်း အသင့်ရှိထားပြီးသားပတ်စ်ပိုစ့် စာအုပ်များမှ ဂျာဂျာကြီးရဲ့စာအုပ်ထုတ်ကာ ဖြတ်ပိုင်းနဲ့ တကွပြန်ပေးပါသည်။  
ဒါနဲ့ ကျွန်မလည်း "အန်ကယ် အခွန်နှုန်းတွေနဲ့ ပါတ်သက်ပြီးသိချင်လို့ ပါ" လို့ မေးတော့ သူက " ,,,,,,," ဆိုပြီး ပြန်ဖြေပါသည်။ ကျွန်မလည်း မကြားရတာနဲ့  ဆောရီး မကြားလိုက်လို့ ပါဆိုတော့ အန်ကယ်ကြီးက တစ်လုံးခြင်းပြန်ပြောပါသည်။  "I can't speak Myanmar Language." တဲ့။ သေရော ... အိုကေအိုကေ ဆိုကာ ကိုယ်လည်းဘိုလိုပြန်မေးကာမှ ဘာမှမဖြေပဲ ခေါင်းခါပြီး တစ်ဘက်ကောင်တာသို့ လက်ညွှန်ပြတော့သည်။
သူမသိတာလား။  သူပြောပြလို့ မရတာလား။  ကျွန်မထပ်မမေးချင်တော့သောကြောင့်
ကျေးဇူးလို့ သာပြောရင်းလှည့်ထွက်ခဲ့မိသည်။  နောက်မှ သူငယ်ချင်းကပြောပြသည်။ အဲ့ကောင်တာက အန်ကယ်ကြီးက မြန်မာလို့ မပြောတတ်ပါတဲ့။ ဒီဘက်လူများတန်းစီနေရာရောက်တော့ အစ်မတစ်ယောက်နားသို့ကပ်ကာ အခွန်လျော့တဲ့အကြောင်း မသိမသာမေးကြည့်တော့ "မဟုတ်သေးပါဘူး ညီမရယ်။ အခု အစ်မလည်း အရင်နှုန်းနဲ့ ပဲဆောင်တာတဲ့။" ကဲ ဒါဖြင့် ဒီမှာပဲ ဆုံးပြီပေါ့။ ဘာပဲဖြစ်ဖြစ် နောက်လထဲမှာ ကျွန်မ ပတ်စ်ပိုစ့်စာအုပ်အသစ်လဲဖို့ ၊ အခွန်ဆောင်ဖို့  သံရုံးကို ထပ်သွားရပါအုံးမယ်။ ဒီနေ့ ကတော့ တက်စ်စီအသွားအပြန် ၁နာရီခွဲလောက်စီးလိုက်ရလို့  ခေါင်းမူးပြီးသာ
ပြန်လာခဲ့ရပါသည်။       ။
Wednesday, April 6, 2011
ပျောက်ဆုံးသွားတဲ့ နှလုံးသား
သင်္ကြန်ဆိုတာ ပိတောက်နဲ့ ငုဝါရံတဲ့ နွေကန္တာရဲ့ အိုအေစစ် သ္ဌာန်ဆိုပေမဲ့ ကျွန်တော့်အတွက်တော့ မ မရှိတဲ့ရာသီမှာ အလွမ်းသီချင်းတွေညည်းလို့ အချစ်မိုးခေါင်ခဲ့တာ အတော်ကြာပေါ့။ တစ်ချိန်ကတော့ ရှပ်အင်္ကျီဖားဖားနဲ့  စကတ်အရှည်လေးတွေကိုသာ စွဲစွဲမြဲမြဲဝတ်တတ်တဲ့ ၊ ဆံပင်ခပ်တိုတိုနဲ့  ၁၀တန်း ကျောင်းသူအရွယ် မကို အခုနေများပြန်တွေ့ ရင် ဘယ်လိုများပြောင်းလဲနေမလဲလို့ တွေးမိတော့ ဘယ်ဘက်ရင်ဘက်လေးက နွေးလာသလိုလို။ လူနဲ့ မလိုက်အောင်စာအုပ်ပေါင်းများစွာဖတ်ပြီး စကားကြီးစကားကျယ်လေးတွေကို ဟောဟောဒိုင်းဒိုင်းနဲ့  ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့၊ ပတ်ဝန်းကျင်က သူတွေအားလုံးနဲ့ တည့်ပြီး ခင်မင်စွာနေတတ်တဲ့ မ၊ နုရွမနေတဲ့ ကစားနည်း ကြမ်းကြမ်းလေးများကိုသာ ခုံမင်စွာ ကစားတတ်တဲ့မ၊ ဗိုင်းကောင်းကျောက်ပိစွာ မသိမ်မွေ့ တတ်ပေမဲ့ ဘာသာရေးကိုင်းရှိုင်းတတ်တဲ့မ ကျွန်တော့်ဆီမှာ သူမရဲ့ နာမဝိသေသနတွေ အတော်များများ ပျော်ဝင်နေဆဲပါလား။
မောင်နှမနှစ်ယောက်တည်းသာရှိတဲ့ မတို့ တို့ နေထိုင်ရာမြို့ လေးကို ကျွန်တော်တို့ မိသားစု ပြောင်းရွေ့ ပြီးနောက်  ကျွန်တော်ထက် လပိုင်းသာငယ်တဲ့ ဝေယံထွန်းကျော် ဆိုတဲ့ မရဲ့မောင်လေးနဲ့ ကျွန်တော်အတန်းတူတက်ဖြစ်ခဲ့တာ။ ဝေယံကတော့ ကျွန်တော်တို့ အိမ်ကို အမြဲလာတတ်ပြီး ဝသုန်ထွန်းကျော် ဆိုတဲ့ မကတော့ သူမသူငယ်ချင်းအုပ်စုတွေနဲ့ သာ အမြဲရှိနေတတ်ပါတယ်။ ကျွန်တော့်ရင်ထဲကနေ "မ" လို့ တောင်းတောင်းတတ ခေါ်မိတဲ့ သူမကတော့ ကျွန်တော့်ကို ဝေယံနဲ့ တူတူလို့ပင်သဘောထားကာ အမကြီးပမာ ဆရာလုပ်တတ်ပါသေးတယ်။ နေမြတ်နိုင် ဆိုတဲ့ ကျွန်တော့်ကို "နေနေ မနက်ဖြန် အိမ်မှာ ဆွမ်းကပ်မှာ လာခဲ့နော်" ဆိုပြီး ပြောစရာရှိတာပြောပြီးထွက်သွားတဲ့ မ နဲ့ကျွန်တော်ကြားမှာ ဘာမဆို ရှက်တတ်သူဟာ ကျွန်တော်ဖြစ်နေပြီး မ ကတော့ ဘယ်အရာကိုမှ ဂရုစိုက်မိဟန် မတူပါ။ မ ရဲ့ရှေ့မှာ လမ်းလျှောက်ဖို့  ကျွန်တော်ရှက်သည်။ ထမင်းစားဖို့ လည်းရှက်သည်။ စကားပြောဖို့  တောင်ရှက်ပါသည်။ ဒါပေမဲ့ မရဲ့ မျက်ဝန်းနက်နက်လေးကို၊ နှုတ်ခမ်းပါးပါးလေးကို မျက်ခုံးထူထူလေးတွေ သနပ်ခါး ပါးကွက်လေးတွေကို တစ်ခါမြင်ရုံနဲ့  ခဏခဏ ခိုးကြည့်ဖို့ ကိုတော့ ကျွန်တော် မရှက်ခဲ့တာ ဘာ့ကြောင့်ပါလိမ့်။
ဝေယံနဲ့  မ တို့ အိမ်ကို ပါသွားတိုင်း တစ်စက်မှ အငြိမ်မနေပဲ သွက်လက်စွာ လှုပ်ရှားနေတတ်တဲ့ မ အရိပ်လေးတွေကို ခိုးကြည့်ခွင့်ရတာ အင်မတန်မှ ရင်ခုန်ဖွယ်ကောင်းလှသည်။ တစ်တန်းသာ ကြီးတဲ့ မ က အမြဲလိုလိုပင် "ဟဲ့ ကောင်လေးတွေ စာရောလိုက်နိုင်ကြရဲ့လား။ စာကျက်တာလည်း မတွေ့ ဘူးနော်။ ၉ တန်းဆိုတာ ၁၀တန်းအတွက် အခြေခံပဲ" ဆိုပြီး တရစပ် ပြောတတ်ပါသေးတယ်။ မ ဘာပဲပြောပြော ဝေယံက ငြိမ်မနေပဲ ပြန်ပြန်ပြောသလောက် ကျွန်တော်ကတော့ သနပ်ခါးက လွဲပြီး ဘာမှ မလိမ်းတတ်တဲ့ မ မျက်နှာလေးကို ငေးကာ ရယ်နေတတ်သဖြင့် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲဟေ့ ကြိုးစားတဲ့သူရမှာပဲ ဆိုကာ ပြီးဆုံးသွားတတ်စမြဲပင်။  ကျွန်တော်တို့ ၁၀တန်း တက်မဲ့အချိန်မှာတော့ မ က တက္ကသိုလ်တက်ဖို့ စောင့်ရင်း ကျွန်တော်တို့ ကို ၁၀တန်း သင်္ချာနဲ့ သိပ္ပံကို သင်ပေးဖြစ်တာကြောင့် မနဲ့ နေ့ တိုင်းလိုလိုပင် တွေ့ ခွင့်ရခဲ့သည်။
မ ပြောပြတဲ့ အီကွေးရှင်းတွေကြားထဲမှာ အချစ်ကို ညီမျှခြင်းချနေခဲ့တဲ့ ကျွန်တော်၊ ၁၆နှစ်ဆိုတဲ့အရွယ်မှာပဲ စူးစူးနစ်နစ်ချစ်တတ်ခဲ့ပြီမို့  ကိုယ့်ကိုယ်ကို သူရဲကောင်းကြီးပမာ သတ်မှတ်ခဲ့တယ်။ 
မရဲ့ မျက်ဝန်းတွေထဲမှာ မြင်ရတဲ့ နွေးထွေးတဲ့ သံယောဇဉ် အရိပ်အယောင်တွေကြောင့် ဆယ်တန်းမဖြေခင် ၂ လအလိုမှာတော့ မကို ချစ်တဲ့အကြောင်းကို သူငယ်ချင်းကနေတဆင့် စာတိုလေးတစ်စောင်နဲ့ ဒိုင်ယာရီလှလှလေးတစ်အုပ်ကိုပါ လက်ဆောင်ဆိုပြီး ထည့်ပေးမိခဲ့တယ်။ အဲ့ဒီ့နေ့ က ကျွန်တော် အခန်းပြင်ဘက်တောင် မထွက်ရဲအောင်ကို မ စိတ်ဆိုးသွားရင် ဆိုတဲ့အတွေးက တစ်ဘက်၊ မငြင်းလောက်ပါဘူးဆိုတဲ့ မျှော်လင့်ခြင်းကတစ်ဘက်နဲ့  သူငယ်ချင်းယူလာမဲ့ မရဲ့အဖြေကို ရင်ခုန်စွာ စောင့်နေခဲ့တယ်။ ဆယ်တန်းစာမေးပွဲ ဖြေပြီးတဲ့နေ့ မှာ အဖြေပေးမယ် တဲ့။ ရင်ခုန်ဆဲပဲ ဖြစ်ပေမဲ့ မျှော်လင့်ချက်ရှိတယ်ကွ ဆိုတဲ့ သူငယ်ချင်းရဲ့အားပေးမှုကြောင့် စာတွေကိုပဲ ဖိကျက်ဖြစ်ခဲ့တယ်။ မ ကတော့ အရင်လိုပဲ မပြောင်းလဲတဲ့ နှုတ်ဆက်ခြင်းတွေနဲ့  ကျွန်တော်တို့ စာမေးပွဲအတွက် ဝိုင်းဝန်းပြင်ဆင်ပေးနေတုန်းပဲ။ စာမေးပွဲဖြေတဲ့နောက်ဆုံးနေ့ မှာတော့ အားလုံးက ဖြေဆိုပြီးလို့ လွတ်လပ်သွားပေမဲ့ ကျွန်တော်ကတော့ အဖြေတစ်ခုကို စောင့်ရင်း ရင်ခုန်ရဆဲပဲ။
"နေနေ တို့ ဘယ်လိုမှ မထင်ထားခဲဘူး။ ဝေယံက တို့ မောင်လေးဖြစ်တဲ့အတွက် ဝေယံသူငယ်ချင်းတွေကိုလည်း တို့ မောင်လေးလို့ ပဲ သဘောထားတယ်။ နေနေကတော့ အိမ်ကို ဝင်ထွက်နေတာဆိုတော့ စာကြိုးစားတဲ့ ရှက်တတ်တဲ့ကောင်လေး ဆိုတာက လွဲရင် တို့ ဘက်က ဘာမှ မပိုခဲ့ဘူး။ နေနေတို့ က အခုမှ ၁၆နှစ်ပဲရှိပါသေးတယ်ကွာ။ နောက်နှစ်တွေအများကြီး ဖြတ်သန်းရအုံးမယ်။ လူတွေအများကြီးကိုလည်းတွေ့ ရအုံးမယ်။ အခုချိန်မှာ အချစ်ဆိုတာကို မြည်းစမ်းကြည့်ဖို့ စောပါသေးတယ် နေနေရယ်။ တို့ မှာလည်း အနာဂတ်အတွက်လုပ်စရာအများကြီးရှိသေးသလို မင်းမှာလည်း ရည်ရွယ်ချက်တွေရှိမှာပါ။ အချိန်တန်လို့ မင်းမှာ အလုပ်၊အတွေ့ အကြုံ၊ အသက်အရွယ် အားလုံးပြည့်စုံတဲ့အခါ မင်းတကယ်ချစ်တဲ့အချစ် ဆိုတာနဲ့ တွေ့ လာလိမ့်မယ်။ အဲ့ဒီ့အခါကျရင် မင်း တို့ ကို ကျေးဇူးတင်လိမ့်မယ် 
နေနေ။ဒီအချိန်မှာတော့ တိုးမိတဲ့ သံယောဇဉ်လေးတွေ ခိုင်မြဲမနေသေးခင် လမ်းခွဲမေ့ပစ်လိုက်တာ အကောင်းဆုံးဖြစ်မယ် ထင်လို့ ပါ။ အနာဂါတ် မနက်ဖြန်တိုင်းမှာ ပျော်ရွင်ပါစေ" တဲ့။ ကျွန်တော်ပေးလိုက်တဲ့ စာအုပ်လေးထဲမှာပဲ ပြန်ရေးပေးလိုက်တဲ့ မ ရဲ့ လက်ရေးလှလှလေးတွေက ကျွန်တော့်ကို အပြီးနှုတ်ဆက်နေသလိုလို။ မက ကျွန်တော့်အချစ်ကို အထင်သေးတာလား၊ အသက်အရွယ်ကို အထင်မကြီးတာလား။ ကျွန်တော့်ကို တစ်ချက်လောက်တော့ စောင့်ကြည့်ပါ မရယ်။ ရိုးသားစွာ ချစ်ခဲ့မိတိုင်းအတွက် နောင်တဆိုတာ ကျွန်တော့်မှာ မရှိခဲ့ပါဘူး။
ရေကြောင်းအင်ဂျင်နီယာနဲ့ ဘွဲ့ ရလို့  သဘောင်္တစ်စီးနဲ့ ကမ္ဘာပတ်ဖြစ်ခဲတဲ့ကျွန်တော် နိုင်ငံစုံမှာ တွေ့ ခဲ့တဲ့ နှုတ်ခမ်းနီရောင်စုံတွေထဲ မ ရဲ့ သနပ်ခါးပါးကွက်ကျားလေးကိုပဲ သတိရနေတာ ဘာကြောင့်ပါလိမ့်။ မေ့လို့ မရနိုင်ဘူး မရယ်။ သတိရတိုင်းထုတ်ကြည့်တတ်တဲ့ ဒိုင်ယာရီစာအုပ်လေးတောင် ဝါကျင်ကျင်ဖြစ်နေပေမဲ့ ကျွန်တော့်ရင်ထဲက အချစ်နွယ်ပင်လေးကတော့ တစ်ပတ်ပြီး တစ်ပတ် တိုးလာဆဲပဲ။ မထင်ထားခဲ့ဘူး,,,, ရှားရှားပါးပါး အိမ်ပြန်ခွင့် တစ်လတိတိရတာ ကျွန်တော့်အတွက် သစ်အိုပင်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ပေါ့။ "သားရေ ပြန်လာတာ အတော်ပဲကွယ်။ ဝသုန်လေး မင်္ဂလာဆောင်တော့မယ်တဲ့။ ဖိတ်စာတောင်ရောက်နေပြီလေ"ဆိုတဲ့ မေမေ့စကားလုံးတွေအောက်မှာ ကျွန်တော့်ရင်ထဲကနွယ်ပင်လေး တိခနဲ ပြတ်ကျသွားခဲ့တယ်။ မ ရဲ့ လွတ်လပ်နေသေးတဲ့ အချိန်လေးမှာ တစ်ခါလေးပဲတွေ့ ခွင့်ရပါရစေလို့ ဆုတောင်းမိတဲ့ ကျွန်တော့်ကို မက လာတွေ့ ခဲတယ်။ ခရမ်းရောင်ပါတိတ် ဝမ်းဆက်လေးနဲ့  မက ဆံပင်အရှည်ကြီးကို ဖြန့် ချထားကာ မျက်နှာကိုတော့ ဘာကာလာမှ မခြယ်ပဲ တကယ်ကို ရိုးစင်းစွာ လှနေခဲ့တာ။ "ကျွန်တော် မပြောတော့ဘူးလို့ စဉ်းစားထားပေမဲ့ ဒီစကားတွေမပြောပဲ ကျွန်တော့်မနက်ဖြန်တွေဘယ်လို မှ ဆက်လို့ မရနိုင်တာမို့  ပြောပါရစေ မရယ်။ တစ်သက်နဲ့ တစ်ကိုယ် မတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာ။ ၁၆နှစ်အရွယ်က ပြောခဲ့တဲ့စကားတွေ အရာမထင်လို့  ဒီအချိန်ထိ သက်သေပြဖို့ စောင့်ခဲ့တာ မရဲ့။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ နေ့ ရက်ပေါင်းများစွာ မကို သတိရရင်း မအသံလေးတွေ ကြားယောင်ရင်း၊ အိမ်မက်လေးတွေ ထည့်မက်ရင်း ကုန်ဆုံးစေခဲ့တာ။ အခုချိန်မှာတော့ ကျွန်တော် တကယ်ချစ်တဲ့အချစ်ကို တွေ့ ပေမဲ့ မပျော်နိုင်တော့ဘူး။ ကျွန်တော့်ကို ချစ်တတ်အောင် သင်ပေးခဲ့တဲ့ အတွက်၊ အချိန်တွေကို တန်ဖိုးရှိစွာ ကုန်ဆုံးစေခဲ့တဲ့အတွက် ဒါဟာ တကယ်ချစ်တဲ့အချစ်ပါလို့  အတည်ပြုပေးခဲ့တဲ့အတွက် အားလုံးအတွက်တော့ မ ပြောသလို မ ကို တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မရယ် မသေချာတဲ့ အဖြေတစ်ခုကို စောင့်ဖို့ ကျွန်တော်ပေးလိုက်ရတဲ့အရင်းအနှီးက အရမ်းများလွန်းတယ်,,, တစ်ခုပဲမှတ်ထားပေးပါ မ။ မ ယောင်လို့ တောင် သတိရဖို့ မကြိုးစားမိခဲ့တဲ့သူတစ်ယောက်က မကို ကာလတစ်ခုအထိ ကြာရှည်စွာ အိမ်မက်ထဲကိုယောင်ပြီးထည့်မက်တဲ့အထိ စွဲလန်းခဲ့ဖူးတယ်ဆိုတာကိုပေါ့။ နှုတ်ဆက်ခဲ့ပါတယ် မ။ ကျွန်တော် မနက်ဖြန်ပဲ သင်္ဘောတက်တော့မယ်။"  မရဲ့အံ့သြတေဲ့ မျက်ဝန်းလေးတွေကို နောက်ဆုံးအနေနဲ့  တစ်ချက်ကြည့်ရင်း ပြန်လှည့်ထွက်ခဲ့ပေမဲ့ ကျွန်တော့်ရင်ဘတ်ကလေးကတော့ ဟာတာတာ ဖြစ်လို့ နေဆဲ။ ဟုတ်ပါရဲ့ ကျွန်တော့်နှလုံးသားလေးပြုတ်ကျ ကျန်ရစ်ခဲ့တာ မတစ်ယောက် သိမှ သိပါလေစ။    ။