Wednesday, April 6, 2011

ပျောက်ဆုံးသွားတဲ့ နှလုံးသား

သင်္ကြန်ဆိုတာ ပိတောက်နဲ့ ငုဝါရံတဲ့ နွေကန္တာရဲ့ အိုအေစစ် သ္ဌာန်ဆိုပေမဲ့ ကျွန်တော့်အတွက်တော့ မ မရှိတဲ့ရာသီမှာ အလွမ်းသီချင်းတွေညည်းလို့ အချစ်မိုးခေါင်ခဲ့တာ အတော်ကြာပေါ့။ တစ်ချိန်ကတော့ ရှပ်အင်္ကျီဖားဖားနဲ့  စကတ်အရှည်လေးတွေကိုသာ စွဲစွဲမြဲမြဲဝတ်တတ်တဲ့ ၊ ဆံပင်ခပ်တိုတိုနဲ့  ၁၀တန်း ကျောင်းသူအရွယ် မကို အခုနေများပြန်တွေ့ ရင် ဘယ်လိုများပြောင်းလဲနေမလဲလို့ တွေးမိတော့ ဘယ်ဘက်ရင်ဘက်လေးက နွေးလာသလိုလို။ လူနဲ့ မလိုက်အောင်စာအုပ်ပေါင်းများစွာဖတ်ပြီး စကားကြီးစကားကျယ်လေးတွေကို ဟောဟောဒိုင်းဒိုင်းနဲ့  ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့၊ ပတ်ဝန်းကျင်က သူတွေအားလုံးနဲ့ တည့်ပြီး ခင်မင်စွာနေတတ်တဲ့ မ၊ နုရွမနေတဲ့ ကစားနည်း ကြမ်းကြမ်းလေးများကိုသာ ခုံမင်စွာ ကစားတတ်တဲ့မ၊ ဗိုင်းကောင်းကျောက်ပိစွာ မသိမ်မွေ့ တတ်ပေမဲ့ ဘာသာရေးကိုင်းရှိုင်းတတ်တဲ့မ ကျွန်တော့်ဆီမှာ သူမရဲ့ နာမဝိသေသနတွေ အတော်များများ ပျော်ဝင်နေဆဲပါလား။

မောင်နှမနှစ်ယောက်တည်းသာရှိတဲ့ မတို့ တို့ နေထိုင်ရာမြို့ လေးကို ကျွန်တော်တို့ မိသားစု ပြောင်းရွေ့ ပြီးနောက်  ကျွန်တော်ထက် လပိုင်းသာငယ်တဲ့ ဝေယံထွန်းကျော် ဆိုတဲ့ မရဲ့မောင်လေးနဲ့ ကျွန်တော်အတန်းတူတက်ဖြစ်ခဲ့တာ။ ဝေယံကတော့ ကျွန်တော်တို့ အိမ်ကို အမြဲလာတတ်ပြီး ဝသုန်ထွန်းကျော် ဆိုတဲ့ မကတော့ သူမသူငယ်ချင်းအုပ်စုတွေနဲ့ သာ အမြဲရှိနေတတ်ပါတယ်။ ကျွန်တော့်ရင်ထဲကနေ "မ" လို့ တောင်းတောင်းတတ ခေါ်မိတဲ့ သူမကတော့ ကျွန်တော့်ကို ဝေယံနဲ့ တူတူလို့ပင်သဘောထားကာ အမကြီးပမာ ဆရာလုပ်တတ်ပါသေးတယ်။ နေမြတ်နိုင် ဆိုတဲ့ ကျွန်တော့်ကို "နေနေ မနက်ဖြန် အိမ်မှာ ဆွမ်းကပ်မှာ လာခဲ့နော်" ဆိုပြီး ပြောစရာရှိတာပြောပြီးထွက်သွားတဲ့ မ နဲ့ကျွန်တော်ကြားမှာ ဘာမဆို ရှက်တတ်သူဟာ ကျွန်တော်ဖြစ်နေပြီး မ ကတော့ ဘယ်အရာကိုမှ ဂရုစိုက်မိဟန် မတူပါ။ မ ရဲ့ရှေ့မှာ လမ်းလျှောက်ဖို့  ကျွန်တော်ရှက်သည်။ ထမင်းစားဖို့ လည်းရှက်သည်။ စကားပြောဖို့  တောင်ရှက်ပါသည်။ ဒါပေမဲ့ မရဲ့ မျက်ဝန်းနက်နက်လေးကို၊ နှုတ်ခမ်းပါးပါးလေးကို မျက်ခုံးထူထူလေးတွေ သနပ်ခါး ပါးကွက်လေးတွေကို တစ်ခါမြင်ရုံနဲ့  ခဏခဏ ခိုးကြည့်ဖို့ ကိုတော့ ကျွန်တော် မရှက်ခဲ့တာ ဘာ့ကြောင့်ပါလိမ့်။

ဝေယံနဲ့  မ တို့ အိမ်ကို ပါသွားတိုင်း တစ်စက်မှ အငြိမ်မနေပဲ သွက်လက်စွာ လှုပ်ရှားနေတတ်တဲ့ မ အရိပ်လေးတွေကို ခိုးကြည့်ခွင့်ရတာ အင်မတန်မှ ရင်ခုန်ဖွယ်ကောင်းလှသည်။ တစ်တန်းသာ ကြီးတဲ့ မ က အမြဲလိုလိုပင် "ဟဲ့ ကောင်လေးတွေ စာရောလိုက်နိုင်ကြရဲ့လား။ စာကျက်တာလည်း မတွေ့ ဘူးနော်။ ၉ တန်းဆိုတာ ၁၀တန်းအတွက် အခြေခံပဲ" ဆိုပြီး တရစပ် ပြောတတ်ပါသေးတယ်။ မ ဘာပဲပြောပြော ဝေယံက ငြိမ်မနေပဲ ပြန်ပြန်ပြောသလောက် ကျွန်တော်ကတော့ သနပ်ခါးက လွဲပြီး ဘာမှ မလိမ်းတတ်တဲ့ မ မျက်နှာလေးကို ငေးကာ ရယ်နေတတ်သဖြင့် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲဟေ့ ကြိုးစားတဲ့သူရမှာပဲ ဆိုကာ ပြီးဆုံးသွားတတ်စမြဲပင်။  ကျွန်တော်တို့ ၁၀တန်း တက်မဲ့အချိန်မှာတော့ မ က တက္ကသိုလ်တက်ဖို့ စောင့်ရင်း ကျွန်တော်တို့ ကို ၁၀တန်း သင်္ချာနဲ့ သိပ္ပံကို သင်ပေးဖြစ်တာကြောင့် မနဲ့ နေ့ တိုင်းလိုလိုပင် တွေ့ ခွင့်ရခဲ့သည်။
မ ပြောပြတဲ့ အီကွေးရှင်းတွေကြားထဲမှာ အချစ်ကို ညီမျှခြင်းချနေခဲ့တဲ့ ကျွန်တော်၊ ၁၆နှစ်ဆိုတဲ့အရွယ်မှာပဲ စူးစူးနစ်နစ်ချစ်တတ်ခဲ့ပြီမို့  ကိုယ့်ကိုယ်ကို သူရဲကောင်းကြီးပမာ သတ်မှတ်ခဲ့တယ်။ 

မရဲ့ မျက်ဝန်းတွေထဲမှာ မြင်ရတဲ့ နွေးထွေးတဲ့ သံယောဇဉ် အရိပ်အယောင်တွေကြောင့် ဆယ်တန်းမဖြေခင် ၂ လအလိုမှာတော့ မကို ချစ်တဲ့အကြောင်းကို သူငယ်ချင်းကနေတဆင့် စာတိုလေးတစ်စောင်နဲ့ ဒိုင်ယာရီလှလှလေးတစ်အုပ်ကိုပါ လက်ဆောင်ဆိုပြီး ထည့်ပေးမိခဲ့တယ်။ အဲ့ဒီ့နေ့ က ကျွန်တော် အခန်းပြင်ဘက်တောင် မထွက်ရဲအောင်ကို မ စိတ်ဆိုးသွားရင် ဆိုတဲ့အတွေးက တစ်ဘက်၊ မငြင်းလောက်ပါဘူးဆိုတဲ့ မျှော်လင့်ခြင်းကတစ်ဘက်နဲ့  သူငယ်ချင်းယူလာမဲ့ မရဲ့အဖြေကို ရင်ခုန်စွာ စောင့်နေခဲ့တယ်။ ဆယ်တန်းစာမေးပွဲ ဖြေပြီးတဲ့နေ့ မှာ အဖြေပေးမယ် တဲ့။ ရင်ခုန်ဆဲပဲ ဖြစ်ပေမဲ့ မျှော်လင့်ချက်ရှိတယ်ကွ ဆိုတဲ့ သူငယ်ချင်းရဲ့အားပေးမှုကြောင့် စာတွေကိုပဲ ဖိကျက်ဖြစ်ခဲ့တယ်။ မ ကတော့ အရင်လိုပဲ မပြောင်းလဲတဲ့ နှုတ်ဆက်ခြင်းတွေနဲ့  ကျွန်တော်တို့ စာမေးပွဲအတွက် ဝိုင်းဝန်းပြင်ဆင်ပေးနေတုန်းပဲ။ စာမေးပွဲဖြေတဲ့နောက်ဆုံးနေ့ မှာတော့ အားလုံးက ဖြေဆိုပြီးလို့ လွတ်လပ်သွားပေမဲ့ ကျွန်တော်ကတော့ အဖြေတစ်ခုကို စောင့်ရင်း ရင်ခုန်ရဆဲပဲ။

"နေနေ တို့ ဘယ်လိုမှ မထင်ထားခဲဘူး။ ဝေယံက တို့ မောင်လေးဖြစ်တဲ့အတွက် ဝေယံသူငယ်ချင်းတွေကိုလည်း တို့ မောင်လေးလို့ ပဲ သဘောထားတယ်။ နေနေကတော့ အိမ်ကို ဝင်ထွက်နေတာဆိုတော့ စာကြိုးစားတဲ့ ရှက်တတ်တဲ့ကောင်လေး ဆိုတာက လွဲရင် တို့ ဘက်က ဘာမှ မပိုခဲ့ဘူး။ နေနေတို့ က အခုမှ ၁၆နှစ်ပဲရှိပါသေးတယ်ကွာ။ နောက်နှစ်တွေအများကြီး ဖြတ်သန်းရအုံးမယ်။ လူတွေအများကြီးကိုလည်းတွေ့ ရအုံးမယ်။ အခုချိန်မှာ အချစ်ဆိုတာကို မြည်းစမ်းကြည့်ဖို့ စောပါသေးတယ် နေနေရယ်။ တို့ မှာလည်း အနာဂတ်အတွက်လုပ်စရာအများကြီးရှိသေးသလို မင်းမှာလည်း ရည်ရွယ်ချက်တွေရှိမှာပါ။ အချိန်တန်လို့ မင်းမှာ အလုပ်၊အတွေ့ အကြုံ၊ အသက်အရွယ် အားလုံးပြည့်စုံတဲ့အခါ မင်းတကယ်ချစ်တဲ့အချစ် ဆိုတာနဲ့ တွေ့ လာလိမ့်မယ်။ အဲ့ဒီ့အခါကျရင် မင်း တို့ ကို ကျေးဇူးတင်လိမ့်မယ် 
နေနေ။ဒီအချိန်မှာတော့ တိုးမိတဲ့ သံယောဇဉ်လေးတွေ ခိုင်မြဲမနေသေးခင် လမ်းခွဲမေ့ပစ်လိုက်တာ အကောင်းဆုံးဖြစ်မယ် ထင်လို့ ပါ။ အနာဂါတ် မနက်ဖြန်တိုင်းမှာ ပျော်ရွင်ပါစေ" တဲ့။ ကျွန်တော်ပေးလိုက်တဲ့ စာအုပ်လေးထဲမှာပဲ ပြန်ရေးပေးလိုက်တဲ့ မ ရဲ့ လက်ရေးလှလှလေးတွေက ကျွန်တော့်ကို အပြီးနှုတ်ဆက်နေသလိုလို။ မက ကျွန်တော့်အချစ်ကို အထင်သေးတာလား၊ အသက်အရွယ်ကို အထင်မကြီးတာလား။ ကျွန်တော့်ကို တစ်ချက်လောက်တော့ စောင့်ကြည့်ပါ မရယ်။ ရိုးသားစွာ ချစ်ခဲ့မိတိုင်းအတွက် နောင်တဆိုတာ ကျွန်တော့်မှာ မရှိခဲ့ပါဘူး။

ရေကြောင်းအင်ဂျင်နီယာနဲ့ ဘွဲ့ ရလို့  သဘောင်္တစ်စီးနဲ့ ကမ္ဘာပတ်ဖြစ်ခဲတဲ့ကျွန်တော် နိုင်ငံစုံမှာ တွေ့ ခဲ့တဲ့ နှုတ်ခမ်းနီရောင်စုံတွေထဲ မ ရဲ့ သနပ်ခါးပါးကွက်ကျားလေးကိုပဲ သတိရနေတာ ဘာကြောင့်ပါလိမ့်။ မေ့လို့ မရနိုင်ဘူး မရယ်။ သတိရတိုင်းထုတ်ကြည့်တတ်တဲ့ ဒိုင်ယာရီစာအုပ်လေးတောင် ဝါကျင်ကျင်ဖြစ်နေပေမဲ့ ကျွန်တော့်ရင်ထဲက အချစ်နွယ်ပင်လေးကတော့ တစ်ပတ်ပြီး တစ်ပတ် တိုးလာဆဲပဲ။ မထင်ထားခဲ့ဘူး,,,, ရှားရှားပါးပါး အိမ်ပြန်ခွင့် တစ်လတိတိရတာ ကျွန်တော့်အတွက် သစ်အိုပင်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ပေါ့။ "သားရေ ပြန်လာတာ အတော်ပဲကွယ်။ ဝသုန်လေး မင်္ဂလာဆောင်တော့မယ်တဲ့။ ဖိတ်စာတောင်ရောက်နေပြီလေ"ဆိုတဲ့ မေမေ့စကားလုံးတွေအောက်မှာ ကျွန်တော့်ရင်ထဲကနွယ်ပင်လေး တိခနဲ ပြတ်ကျသွားခဲ့တယ်။ မ ရဲ့ လွတ်လပ်နေသေးတဲ့ အချိန်လေးမှာ တစ်ခါလေးပဲတွေ့ ခွင့်ရပါရစေလို့ ဆုတောင်းမိတဲ့ ကျွန်တော့်ကို မက လာတွေ့ ခဲတယ်။ ခရမ်းရောင်ပါတိတ် ဝမ်းဆက်လေးနဲ့  မက ဆံပင်အရှည်ကြီးကို ဖြန့် ချထားကာ မျက်နှာကိုတော့ ဘာကာလာမှ မခြယ်ပဲ တကယ်ကို ရိုးစင်းစွာ လှနေခဲ့တာ။ "ကျွန်တော် မပြောတော့ဘူးလို့ စဉ်းစားထားပေမဲ့ ဒီစကားတွေမပြောပဲ ကျွန်တော့်မနက်ဖြန်တွေဘယ်လို မှ ဆက်လို့ မရနိုင်တာမို့  ပြောပါရစေ မရယ်။ တစ်သက်နဲ့ တစ်ကိုယ် မတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာ။ ၁၆နှစ်အရွယ်က ပြောခဲ့တဲ့စကားတွေ အရာမထင်လို့  ဒီအချိန်ထိ သက်သေပြဖို့ စောင့်ခဲ့တာ မရဲ့။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ နေ့ ရက်ပေါင်းများစွာ မကို သတိရရင်း မအသံလေးတွေ ကြားယောင်ရင်း၊ အိမ်မက်လေးတွေ ထည့်မက်ရင်း ကုန်ဆုံးစေခဲ့တာ။ အခုချိန်မှာတော့ ကျွန်တော် တကယ်ချစ်တဲ့အချစ်ကို တွေ့ ပေမဲ့ မပျော်နိုင်တော့ဘူး။ ကျွန်တော့်ကို ချစ်တတ်အောင် သင်ပေးခဲ့တဲ့ အတွက်၊ အချိန်တွေကို တန်ဖိုးရှိစွာ ကုန်ဆုံးစေခဲ့တဲ့အတွက် ဒါဟာ တကယ်ချစ်တဲ့အချစ်ပါလို့  အတည်ပြုပေးခဲ့တဲ့အတွက် အားလုံးအတွက်တော့ မ ပြောသလို မ ကို တကယ်ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မရယ် မသေချာတဲ့ အဖြေတစ်ခုကို စောင့်ဖို့ ကျွန်တော်ပေးလိုက်ရတဲ့အရင်းအနှီးက အရမ်းများလွန်းတယ်,,, တစ်ခုပဲမှတ်ထားပေးပါ မ။ မ ယောင်လို့ တောင် သတိရဖို့ မကြိုးစားမိခဲ့တဲ့သူတစ်ယောက်က မကို ကာလတစ်ခုအထိ ကြာရှည်စွာ အိမ်မက်ထဲကိုယောင်ပြီးထည့်မက်တဲ့အထိ စွဲလန်းခဲ့ဖူးတယ်ဆိုတာကိုပေါ့။ နှုတ်ဆက်ခဲ့ပါတယ် မ။ ကျွန်တော် မနက်ဖြန်ပဲ သင်္ဘောတက်တော့မယ်။"  မရဲ့အံ့သြတေဲ့ မျက်ဝန်းလေးတွေကို နောက်ဆုံးအနေနဲ့  တစ်ချက်ကြည့်ရင်း ပြန်လှည့်ထွက်ခဲ့ပေမဲ့ ကျွန်တော့်ရင်ဘတ်ကလေးကတော့ ဟာတာတာ ဖြစ်လို့ နေဆဲ။ ဟုတ်ပါရဲ့ ကျွန်တော့်နှလုံးသားလေးပြုတ်ကျ ကျန်ရစ်ခဲ့တာ မတစ်ယောက် သိမှ သိပါလေစ။    ။

Friday, April 1, 2011

မေ့မရတဲ့ တနေ့ တာအတွေ့ အကြုံများ

ဘဝမှာ မေ့မရတဲ့နေ့တွေက အတော်များလှသားရယ်။ ကျွန်မလို ဘယ်အရာကိုပဲဖြစ်ဖြစ် မှတ်မိနေတတ်တဲ့သူ အတွက်တော့ နေ့ အတော်များများက မမေ့နိုင်စရာပါပဲ။ ဘာကြောင့်ရယ်မသိ။ ဒီနေ့ တော့ မေမေ့ကို အတော်ပဲ သတိရလှပါတယ်။ ကျွန်မက သာသမီးလေးယောက်ထဲမှာအကြီးဆုံးဆိုတော့ မေမေ့ရဲ့ အတိုင်ပင်ခံ၊ တီးတိုးဖော်ဖြစ်ရတာ မဆန်းလှပေမဲ့ တစ်ချို့ အရာတွေကို အိမ်ရဲ့အဝေးမှာပဲ အမြဲရှိနေတတ်တဲ့ ကျွန်မကို မပြောပဲ မေမေတစ်ယောက်တည်း ဖြေရှင်းရတာမှာကိုတော့ မလိုချင်တာ အမှန်ပင်။တစ်ခါတလေ "အမေ" ဆိုသော မိခင်တွေလောက် မြင့်မြတ်တဲ့ လူ ဒီကမ္ဘာမှာ ရှိလိမ့်မည် မထင်လို့  တွေးမိတယ်။ ကိုယ်ကိုယ်တိုင် ပညာရေးမှာ ဆုံးခန်းတိုင်အောင် သင်ခွင့်မရခဲ့ပေမဲ့  သားသမီးတွေအားလုံးကို ဘွဲ့ တွေ၊ ဒီပလိုမာတွေ တသီတတန်းနဲ့  မြင်ချင်တဲ့သူကလည်း အမေပါပဲ။ သာမာန်လယ်သမားမိသားစုကပဲ ပေါက်ဖွားလာတဲ့ မေမေ့အတွက် သူကျွမ်းကျင်ရာ မိရိုးဖလာ လယ်လုပ်ငန်းကိုပဲ ဦးစီးလုပ်ကိုင်ပြီး သားသမီးတွေမျက်နှာမငယ်စေရေး ကိုယ့်ကျန်းမာရေးတောင် မငဲ့ပဲ ကြိုးစားခဲ့တာတွေ တွေးမိတော့ ဝမ်းပဲသာသလိုလို ဝမ်းပဲနည်းသလိုလို။ 

ဖေဖေကတော့ ရုံးအလုပ်ကိုပဲလုပ်ခဲ့သူဖြစ်တဲ့အတွက် ခရီးထွက်နေရတဲ့အချိန်လည်းများကာ အားလပ်ချိန်မှသာ မေမေ့ကို ကူညီနိုင်ပါတယ်။ ကျွန်မတို့ ငယ်ငယ်ကဆိုလျှင် မေမေက သူ့ လယ်လုပ်ငန်းနဲ့  ပတ်သက်သမျှ ဘယ်လိုအလုပ်မျိုးကိုမှ မကူစေပဲ စာကိုသာ ကြိုးစားကျက်မှတ်စေလိုပါတယ်။ သိုပေမဲ့ နွေရာသီကျောင်းပိတ်ရက်ဆိုရင်တော့ ကျွန်မတို့ မောင်နှမတွေ မေမေနဲ့ အတူလယ်ကွင်းတွေဆီသွားလို့  ရှိသမျှအလုပ်တွေကူလုပ်ရတာ တကယ်ပျော်စရာပါပဲ။ အဲ့ဒီအချိန်ဟာ ပဲစိုက်ထားတာ ခူးဆွတ်ချိန်ဖြစ်တဲ့အတွက် နေပူပူမှာ အင်္ကျီလက်ရှည်၊ လုံချည်ရှည်/ဘောင်းဘီရှည် နဲ့  လက်အိပ်တွေစွပ် ခေါင်းပေါင်းတွေပေါင်းကာ ပဲတီစိမ်း ခူးထွက်ကြပါတော့တယ်။ အဲ့ဒီ့အတွက် မုန့် ဖိုးလည်း ရသဖြင့် ကျောင်းပိတ်ထားတဲ့အချိန် အပိုဝင်ငွေရှာသလိုပါပဲ။ ပဲတီစိမ်းအပင်လေးများက မြေပြင်မှ တစ်တောင်မကျော်တဲ့ အနိမ့်ပင်လေးများဖြစ်ပြီး ပဲတောင့်လေးတွေစထွက်ခါစတွင် စိမ်းနေကာ နောက်ပိုင်းတွင်တော့ အမည်းရောင်လေးပြောင်းကာ မှည့်သွားတတ်သဖြင် အဲ့ဒီ့အချိန်မှာ ခူးဆွတ်ရပါတယ်။ မနက်ပိုင်းစခူးကာစမှာ နေလည်းသိပ်မပြင်းပဲ အချင်းချင်းစကားပြော၊ စနောက်ပြီးခူးသဖြင့် အချိန်ကုန်သွားမှန်းမသိပဲ နေ့လည်စာကို အိမ်ကထည့်လာတဲ့ ထမင်းချိုင့်ကြီးချိုင့်ငယ်နဲ့ သစ်ပင်ရိပ်မှာ စားကြသည်မှာ အလွန်ပျော်စရာကောင်းလှသည်။ နေ့ လည်ပိုင်းတွင်တော့ နေအရမ်းပူတဲ့အတွက် သူများတွေဆင်းသွားကြချိန်မှာ ကျွန်မဘယ်လို့ မှ မဆင်းနိုင်ပေ။ နေပူပူအောက်တွင် အကြာကြီးနေပါက မျက်လုံးတွေပြာကာ ချာချာလည်မူးတာမှ ဘယ်လို့ မှ မတ်တတ်ရပ်လို့ မရအောင် မူးတတ်တဲ့ ကျွန်မ အဲ့အချိန်မှပင် အခြားနေ့ စားအလုပ်သမားများဘဝကို စာနာမိပါတော့တယ်။ ရာသီချိန်အလိုက်ပေါ်လာတဲ့ လယ်ယာနဲ့ ပတ်သက်တဲ့အလုပ်လေးတွေသာ လုပ်ပြီး ဘဝအတွက် ဖြေရှင်းနေရတဲ့ သူတို့ ကိုကြည့်ရတာ အပူအပင်မရှိ အမြဲပျော်နေတတ်သလိုပင်။ 


နေအနည်းငယ်ကျသွားချိန်ကျမှ တစ်ခါ ပြန်ပြီး ပဲဆင်းခူးတဲ့ ကျွန်မကို သူတို့ က မြို့ကြီးသူလို့  နောက်ကြပါသေးတယ်။ အမှန်တော့ မြို့မှာပဲ မွေးမွေး၊ ရွာမှာပဲမွေးမွေး ခံနိုင်ရည်ရှိမှု၊ မရှိမှုနဲ့ သာ ဆိုင်တဲ့အတွက် အားလုံးတူတူပဲလို့ တော့ထင်ပါတယ်။ မောင်လေးက အကြမ်းခံနိုင်သူပီပီ  မေမေရဲ့အလုပ်တွေမှာ ဘယ်နေရာပဲဖြစ်ဖြစ် ကူညီနိုင်ပေမဲ့ ကျွန်မကတော့ ဘယ်မှာမှ အလုပ်မဖြစ်ပါ။ မိုးတွင်းကြီး လယ်ကွင်းတွေဘက်များ လိုက်သွားမိလျှင် တစ်လမ်းလုံး တဘိုင်း ဘိုင်း ချော်လဲတတ်သဖြင့် နောက်ဘယ်သူမှ ကျွန်မကို ခေါ်မသွားတော့ပါ။ ကိုယ်သုံးမရတာတွေကတော့ ပြောရင်တော့ အတော်ရှည်မှာဖြစ်တဲ့အတွက် ပဲခင်းထဲသွားဖြစ်တဲ့ အကြောင်းလေးပဲ ဆက်ပါရစေ။ ပဲခင်းထဲကို ချပ်ဝတ်တန်ဆာ အစုံအလင်နဲ့ ဆင်းခူးခဲ့တာတောင်မှ အိမ်ပြန်ရောက်လို့ ညရောက်တဲ့အခါ လက်ချောင်းကလေးတွေက ယားလာပါတယ်။ အမှန်တော့ ပဲတီစိမ်းအပင်နဲ့ အသီးလေးတွေမှာ အရေးပြားကို ယားစေတဲ့ အမွှေးနုလေးတွေ ရှိနေတတ်တာလို့ မေမေပြောမှပဲ သိပါတယ်။ ဘာပဲဖြစ်ဖြစ် အဲ့နေ့ ညက ဆေးလိမ်းအိပ်ပြီး နောက်နေ့ မေမေတို့ နဲ့ ဆက်လိုက်သွားဖြစ်ပါတယ်။ မုန့် ဖိုးရမှာဆိုတော့လည်း ရင်းရမှာပေါ့လို့ ပဲ တွေးမိခဲ့တယ်လေ။

နောက်ပိုင်း ဆယ်တန်းဖြေပြီးတဲ့နှစ်မှာတော့ တစ်နေ့ မေမေကပဲခင်းဆေးသွားဖျန်းမယ်ဆိုပြီး မောင်လေးနဲ့  သွားဖို့ ပြင်ပါတယ်။  ကျွန်မလည်း လိုက်ချင်တယ်ဆိုပြီး အတင်းမရမကပဲလိုက်သွားဖြစ်ပါတယ်။ ပဲတီစိမ်းအပင်လေးတွေ တစ်ထွာလောက်ထွက်လာချိန်ကစပြီး ပိုးသတ်ဆေး၊ အပင်အားဆေး၊ အသီးအားဆေး စသဖြင့် ဆေးပေါင်းများစွာ တစ်ပါတ်တစ်ခါလောက်ဖျန်းပေးရပါတယ်။ ကျွန်မတို့  ကျောင်းတက်နေတုန်းကတော့ မေမေပဲသွားပြီး ကြီးကြပ်ကာ လူငှားပြီး ဆေးဖျန်းခိုင်းတတ်သဖြင့် ဘာဆိုဘာမှပင် မသိခဲ့ပါ။ တကယ်တော့ ဆေးဖျန်းရတာလည်း မလွယ်ကြောင်းကို ကိုယ်တိုင်လုပ်ရမှပဲ သိရပါတော့တယ်။ ကျွန်မတို့ အဲ့ဒီ့အရပ်မှာတော့ တွင်းရေလုံးဝတူးလို့ မရပဲ မိုးရာသီတွင် မိုးရေ၊ နွေနဲ့  ဆောင်းတွင် ကန်ရေသာ အားပြုသုံးစွဲကြတဲ့အတွက် နေရာအတော်များများမှာ ရေကန်ရှိတတ်ရာ စိုက်ပျိုးထားတဲ့ ပဲတီစိမ်းခင်းတွေနဲ့  ရေကန်နဲ့ က ၁၀မိနစ် လမ်းလျှောက်စာလောက်ဝေးသဖြင့် နှစ်ယောက်ဆေးဖျန်းမည်ဆိုလျှင် တစ်ယောက်က ရေထမ်းပေးရပါတယ်။ ဆေးဖျန်းတဲ့ ကော်ပုံး တစ်ပုံးကို ရေထမ်းတစ်ပုံး ဆန့် ပါတယ်။ ဒါကြောင့် ရေတစ်ထမ်းကို လူနှစ်ယောက်ကတစ်ကြောင်း ဆေးဖျန်းလို့  ရပါတယ်။ မေမေဖျန်းမယ်ဆိုပြီးလွယ်ထားတဲ့ ဆေးပုံးကို အတင်းလု၊ သမီးဖျန်းချင်တယ်ဆိုပြီး ဟန်တပြင်ပြင်ဖြစ်နေတဲ့ ကျွန်မကို မေမေက သိပ်တော့ယုံကြည်ပုံမရပါဘူး။ ကျွန်မကလည်း တီဗွီကြေငြာတွေထဲက မင်းသမီးလေးတွေ ဆေးဖြန်းပုံတွေကို အားကျပြီး မှတ်ထားတာဆိုတော့ ဘယ်ရမလဲ သီချင်းလေးဆိုပြီး ဖျန်းရချည်ရဲ့ပေါ့လေ။ 

အပင်အားဆေးမှုန့် တွေ ထည့်ဖျော်ပြီး ကျွန်မကျောပေါ်ရောက်လာတဲ့ ရေထမ်းတစ်ပုံးစာ ဆေးပုံးကို လွယ်ပြီး မတ်တပ်ရပ်ချိန်မှသာ အတော်လေးမှန်း သိရပါတော့တယ်။ ဒါပေမဲ့ ကျွန်မ မလုပ်နိုင်ရင် မေမေလုပ်ရမှာဆိုတဲ့ အတွေးနဲ့ ပဲ အားစိုက်ပြီးလွယ် လက်တစ်ဘက်ကလည်း ရေကို ချူ၊ တစ်ဘက်က အပင်လေးတွေကို နှံ့ နှံ့ စပ်စပ်ရောက်အောင် ဂရုစိုက်ပြီးဖျန်းရပါတယ်။ သီချင်းဆိုနိုင်ဖို့ ဆိုတာ ဝေလာဝေးလို့ ကျောပေါ်ကပုံးကိုပဲ မနည်း အားတင်းလွယ်၊ လက်တွေညောင်းအောင် ရေချူရသဖြင့် ဒါတွေ မေမေလုပ်ခဲ့တုန်းက ဘာညည်းသံမှ မကြားရပါလားလို့ တွေးမိပါတယ်။ မေမေက ရရဲ့လား သမီးလို့  မေးတာကို အိုး ရတာပေါ့ ဒါလေးများ အေးဆေး ဟု ဖြေကာ တစ်ဘက်လှည့်ရောက်မှ လျှာထွက်ရပါတော့တယ်။ ကံကောင်းတာကတော့ ဆေးဖျန်းချိန်ဟာ နေသိပ်မပြင်းခင် မနက်ပိုင်းနဲ့  နေကျသွားချိန် ညနေစောင်းလေးများသာဖြစ်တဲ့အတွက် နေပူပူကို ကြောက်တဲ့ကျွန်မအတွက်တော့ အနည်းငယ်သက်သာလှပါတယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီ့နေ့ က မေမေက ဆေးပုံးတွေအတွက် ဆေးပဲစပ်ပေးကာ ကျွန်မနဲ့ မောင်လေးက ဆေးဖျန်းပြီး မေမေငှားထားတဲ့ တစ်ယောက်က ရေထမ်းပေးပါတယ်။  မေမေကတော့ ၉ပုံးတိတိ ဆေးဖျန်းနိုင်တဲ့ ကျွန်မကို အနည်းငယ်အံ့သြနေခဲ့ပြီး အိမ်ပြန်ရောက်မှပဲ သမီးပုခုံးပြစမ်းဆိုကာ ဆေးလိမ်းပေးပါတော့တယ်။ 

တကယ်ပဲ ကျွန်မပုခုံးနှစ်ဘက်စလုံး ဆေးပုံးလွယ်ထားခဲ့တဲ့အရှိန်နဲ့  အရေပြားတွေပွန်းပြီး အနီရောင်အကြောင်းလေးများဖြစ်နေတာကို ကြည့်ပြီး မေမေက ဘယ်လိုသိတုန်းလို့  မေးတော့ "ကိုယ်မွေးထားတဲ့ သားသမီးပဲကွယ် ဘယ်သူက ဘယ်လောက်ခံနိုင်တယ်၊ မခံနိုင်ဘူးဆိုတာ သိတာပေါ့တဲ့။ ဒါပေမဲ့ သမီးက တော်တော်အကျောမာတယ်။ မခံနိုင်တော့ရင်လည်း ဆက်မလုပ်ပဲ ရပ်ပစ်လိုက်ပေါ့" လို့  ဆူတာကို "မေမေကလည်း သမီးမလုပ်ရင် မေမေလုပ်ရမှာပေါ့" လို့ စောဒကတက်မိပါသေးတယ်။ ဒါတွေက ဟိုးအရင်ကတည်းက လုပ်ဖူးတဲ့သူကတော့ ဘယ်ပင်ပန်းမလဲ၊ အကျင့်မရှိတဲ့သူအတွက်ကျတော့ မခံနိုင်ဘူးလေ တဲ့။ ဒါပေမဲ့ ကျွန်မပျော်ပါတယ်။ အဲ့နေ့ ညမှာတော့ အတွေ့ အကြုံသစ်တွေရတဲ့အတွက်ရယ်၊ မတူညီတဲ့ လူနေမှုဘဝတွေထဲမှာ ကိုယ်တိုင်ပါဝင် လုပ်ဆောင်ခွင့်ရတဲ့အတွက်ရယ်၊ မေမေအလုပ်မှာ နှမ်းတစ်စေ့စာလောက်ပဲဖြစ်ဖြစ်ကူညီခွင့် ရခြင်းအတွက်ရယ် အားလုံးအတွက် မေမေ့ကို ကျေးဇူးတင်ခဲ့ပါတယ်။ ကျွန်မတို့ ကို ဒီနေရာရောက်စေဖို့ အတွက် မေမေရဲ့ပုခုံးတွေ၊ လက်တွေမှာ ကျွန်မရခဲ့တဲ့ ပုခုံးက ဒဏ်ရာလေးထက်များတဲ့ ဒဏ်ရာတွေ ဘယ်လောက်များရှိနေလိမ့်မလဲလို့ တွေးရင်း အိပ်မပျော်တဲ့ကျွန်မ ညသန်းခေါင်မှာ ဖေဖေနဲ့ မေမေ့ကို တိတ်တိတ်ကလေး သွားကန်တော့ ခဲ့မိပါတယ်။