ဒီရောက်ကတည်းက အားကစားနဲ့ ကျွန်မ ရန်ဖြစ်ထားသလားလို့ ထင်ရအောင် အလှမ်းဝေးလှပါသည်။ ကျွန်မက ပိန်ချင်လို့  လှချင်လို့  အားကစားလုပ်ချင်တာမျိုးမဟုတ်ပဲ တနေကုန်ထိုင်ပြီး အာရုံနောက်လှတဲ့ ရုံးအလုပ်တွေမှာ ကိုယ်လက်လှုပ်ရှားမှုမှ မရှိရင် လူတစ်ကိုယ်လုံးထိုင်းမှိုင်းကာ ပေါ့ပေါ့ပါးပါးမရှိသလို့ ခံစားရသောကြောင့်သာ လေ့ကျင်ခန်းလုပ်ဖြစ်ခဲ့ခြင်းပင်။ ရန်ကုန်မှာ အလုပ်လုပ်တုန်းကတော့ ကျွန်မနေတဲ့အဆောင်က အင်ယားကန်ဘောင်နဲ့ သိပ်မဝေးတာကြောင့် ဒီဇင်ဘာဆို မနက်ခင်းတိုင်း ပြေးဖြစ်ခဲ့ပါသည်။ စပြေးကာစ ၃၊၄ ရက်လောက်မှာတော့ ထိုင်၊ထမရအောင်ပင် ခြေထောက်များ နာကျင်ကိုက်ခဲတတ်ပေမဲ့ နောက်ပိုင်းမတော့ လူတစ်ကိုယ်လုံးပေါ့ပါးသွက်လက်လာသဖြင့် အင်မတန်မှ နေလို့ ထိုင်လို့ ကောင်းလှသည်မှာအမှန်ပင်။
လွန်ခဲ့တဲ့ ၂ ပါတ်ကျော်လောက်ကတည်းက ညပိုင်း ရုံးဆင်းပြီးချိန်တွင် နာရီဝက်ခန့် ပြေးတဲ့လေ့ကျင့်ခန်း စဖြစ်သည်။ ထုံးစံအတိုင်း မလုပ်တာ ၂ နှစ်ကျော် ၃ နှစ်မျှ ရှိပြီမို့  အစ ၃ ရက်လောက်တွင် ကုတင်ပေါ်က မဆင်းနိုင်လောက်အောင် ခြေထောက်များနာကျင်ကိုက်ခဲလှသည်။ သို့ ပေမဲ့ အားတင်းပြီး ဆက်တိုက်လုပ်ရင်း အနည်းငယ်သက်သာသွားသဖြင့် ဝမ်းသာအားရရှိသေး အပူတက်ကာဖျားပါတော့သည်။ ဒါလည်း ဒီရောက်ပြီးနောက်ပိုင်း ပထမဆုံးဖျားခြင်းပင်။ ဖြစ်ချင်တော့ အဲ့နေ့ မှာပဲ ရုံးကသူငယ်ချင်းအချို့ နဲ့  ကြက်တောင်ရိုက်ဖို့ ချိန်းထားပေမဲ့ မသွားနိုင်တော့ပေ။ ရာသီဥတုကလည်း ပူလိုက် အေးလိုက်နဲ့  ကျွန်မအဖျားလည်း တက်လိုက်ကျလိုက်ပင်။ ဒါနဲ့ ပဲ တစ်ပါတ်လောက် ကျွန်မ စားလိုက်သောက်လိုက်နဲ့ နားဖြစ်ခဲ့ပြန်သည်။
မနေ့ ကတော့ ရုံးကသူငယ်ချင်းအချို့ နဲ့ ပင် ကြက်တောင်သွားရိုက်ဖြစ်သည်။ ချောင်ဆိုးအနည်းငယ်ကျန်သေးပေမဲ့ အေးနေတဲ့သွေးတွေ ပူစေခြင်းငှာ မဖြစ်ဖြစ်အောင်ပင် သွားဖြစ်ခဲ့သည်။ ရန်ကုန်မှာတုန်းကတော့ မောင်နှမတွေနဲ့  ခြံထဲမှာအပျော်တမ်းကြက်တောင်ရိုက်ဖြစ်ခဲ့ပေမဲ့ နည်းစနစ်တကျ သင်ကြားခဲ့တာမဟုတ်လေတော့ သူတို့ နဲ့ မကစားခင် အရင်သင်ရပါသည်။ နေရာကို တစ်နာရီပဲဘွတ်ကင် လုပ်ထားလို့  တစ်လှည့်စီကစားရသည်။ ကျွန်မကို ကစားဖို့ ခေါ်တဲ့ ဖိလစ်ပိုင်ကောင်လေးက ကြက်တောင်ကို အလုပ်တွေလို့ သဘောထားတဲ့။ သွားစမ်းဆိုပြီး အားကုန်သာရိုက်၊ ပြီးသားရင် စိတ်ထဲကဖိအားတွေ လျော့သွားရော လို့ ပြောလို့ ကျွန်မမှာ သဘောကျရသေးသည်။ အမှန်ပင်။ သူပြောသလို မီးကုန်ယမ်းကုန် အားထုတ်သုံးပြီး ကြက်တောင်ရိုက်လိုက်တာ နှာဖူးကချွေး၊ ခြေမကျလို့  တစ်ကိုယ်လုံးလည်း ရွှဲနစ်သွားရော ကျွန်မစိတ်တွေ အတော်ကို ပေါ့ပါးလန်းဆန်းသွားတော့သည်။
အဲ့ဒီ့အချိန်အတွင်း သောက်ရတဲ့ရေကလည်း အင်မတန်မှပင် အရသာရှိလှသည်။ ကျွန်မမှာ အားလပ်ချိန်တွေ သိပ်ပိုပိုလျှံလျှံမရှိပေမဲ့ ဝါသနာပါတဲ့ စာရေး၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ လေ့ကျင်ခန်းလုပ်ခြင်းများ အပြင် အခြားဘာသာစကားသင်ယူခြင်း စသဖြင့် ရုံးချိန်ပြင်ပ အချိန်သိပ်မလောက်လှပေ။ တစ်ခါတစ်ရံ ကျွန်မတစ်ကိုယ်တည်းနဲ့  လုပ်ချင်တဲ့အလုပ်တွေ သိပ်များနေသဖြင့် လောဘကြီးလိုက်တဲ့ ငါ ပါလားဆိုကာ ပြန်လျှော့ရသေးသည်။ တကယ်တော့ ကျွန်မတို့ ရှင်သန်ရာလောကကြီးထဲမှာ အသက်ရှင်ရပ်တည်နိုင်ဖို့  စား၊ဝတ်၊နေရေးအတွက် လုပ်သင့်တဲ့အလုပ်တွေကို လုပ်နေသလို့  တစ်ဖက်ကလည်း ကိုယ်ဝါသနာပါရာ အလုပ်လေးတွေလုပ်ရင်း နေထိုင်ခွင့်ရသည်မှာ ကျေနပ်စရာပင်။ ချစ်တဲ့ စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများ အားလုံးလည်း စိတ်ဧ။်ချမ်းသာခြင်း၊ ကိုယ်ဧ။်ကျန်းမာခြင်းနဲ့  ဘဝကို ရှေ့ဆက်နိုင်ကြပါစေ။ ။
Sunday, August 28, 2011
Friday, August 26, 2011
သံရုံးသို့  တစ်ခေါက်
ကျွန်မဒီရက်တွေထဲမှာ သိပ်အိပ်မပျော်လှပါ။ ကျွန်မရဲ့ပတ်စ်ပိုစ့်က သက်တမ်းကုန်ခါနီးတာမို့  ၂ နှစ်စာ အခွန်ဆောင်ဖို့ ၊ စာအုပ်အသစ်လုပ်ဖို့ စသဖြင့် တွက်ချက်ကြည့်လိုက်တော့ စလုံးဒေါ်လာ ၂၀၀၀ နီးပါး လျောနိုင်တာမို့  ရင်တုန်ပန်းတုန်ရှိလှသည်။ ဒီရက်ပိုင်းမှာမှ မြန်မာနိုင်ငံတွင် အခွန်များကို ၁၀ % မှ ၂% လျော့ဆောင်ဖို့ ကြေငြာချက်ထုတ်သည်ဆိုတော့ ကျွန်မမှာဝမ်းသာလိုက်သည့်အမျိုး။ သို့ ပေမဲ့ ဒီကသံရုံးမှာ အတည်ဖြစ်ပြီလား၊ ဘယ် ၂% ကို ဆောင်ခိုင်းတာလဲ စသဖြင့် ကျွန်မ တိတိကျကျ သိဖို့ လိုလာသည်။
ဒီနေ့ တော့ ရုံးက ဖိလစ်ပင်းမလေးကိုယ်စား ဂျာဂျာကြီးရဲ့ပတ်စ်ပိုစ့် မြန်မာနိုင်ငံသွားဖို့ ဗီဇာ လျှောက်ထားတာ သွားယူပေးဖြစ်ပါတယ်။ ကျွန်မစလုံးမှာ အလုပ်လုပ်တဲ့ သက်တမ်း ၂ နှစ်ကျော်အတွင်းမြန်မာသံရုံးကို မရောက်ဖူးဘူးလို့ ဖြေတော့ သူမက အံ့သြတကြီးမျက်လုံးတွေနဲ့ ကြည့်ကာ တကယ်မရောက်ဖူးတာလား လို့ လည်း ထပ်ကာမေးပါသည်။ နောက် သူမက သံရုံးကိုသွားသင့်တယ်တဲ့။ တစ်ခုခု ဘာပြသနာပဲရှိရှိ နိုင်ငံရပ်ခြားမှာ သူတို့ ကပဲကူညီဖြေရှင်းပေးနိုင်တာတဲ့။ ကျွန်မဘာကြောင့်မရောက်ဖြစ်တဲ့အကြောင်းသူမကို ထူးပြီး ရှင်းမပြတော့ပါ။ ကျွန်မကိုယ်တိုင်လည်း မြန်မာသံရုံးမှာ တစ်ခါမှ အကူအညီမတောင်းဖူးပဲ အခြားသူငယ်ချင်းများဆီမှလည်း သူမပြောသလိုကူညီပေးနိုင်တယ်ဆိုတဲ့ သတင်းမျိုးမကြားဖူးလေတော့ အတတ်မပြောတတ်ပေ။ တကယ်တမ်း ကျွန်မကိုယ်တိုင်က ပတ်စ်ပိုစ့်အသစ်လုပ်ဖို့ ၊ သက်တမ်းတိုးဖို့ ၊ အခွန်ဆောင်ဖို့  စတဲ့အကြောင်းအရာတွေရှိမှသာ သံရုံးကိုသွားဖို့ လိုအပ်သည်လို့ ထင်နေရာ အခြားအကြောင်းအရာတွေနဲ့ ပတ်သတ်သမျှ သံရုံးအကြောင်း ယောင်လို့ တောင် ခေါင်းထဲမထည့်မိပေ။
ဒါနဲ့ ပဲ ကျွန်မလည်း မကြာခင် အခွန်ဆောင်ဖို့ ရှိသည့်အတွက် အခုကတည်းက ရောက်ဖူးအောင် သွားပေးမည်ဆိုကာ ထွက်လာခဲ့သည်။ တက်စ်စီငှားစီးတော့ ကုလားအဖိုးကြီးတစ်ဦး၊ ဘယ်လဲလို့ အရင်မေးသည်။ မြန်မာသံရုံးဆိုတော့သူမသိဘူးလိပ်စာပြောတဲ့။
လိပ်စာရွတ်ပြလိုက်တော့လည်း နေရာမသိတဲ့။ ဒါနဲ့  နောက်တစ်စီးပေါ့လေ။ အဲ့ဒီ အန်ကယ်ကတော့ သူကြားဖူးတယ်တဲ့။ အမလေး တော်သေးတာပေါ့။ ကမန်းကတန်းတက်လိုက်မိသည်။ နာရီဝက်လောက်တော့ မောင်းလိုက်သည်နဲ့ တူသည်။ မီးပွိုင့်မိတိုင်း မြေပုံလေးထုတ်ပြီး လမ်းတွေကြည့်နေသည့်အန်ကယ်ကို ကြည့်ကာ ရောက်မှ ရောက်ပါ့မလား ထင်မိသည်။ နောက်ဆုံး ရှာတွေ့ ပါသည်။ အန်ကယ်ကတော့ သူ မရောက်တာ အတော်ကြီးကို ကြာနေလို့ ပါတဲ့။ ဘာပဲဖြစ်ဖြစ် ရောက်လာတာပဲတော်လှပြီ။ ကျေးဇူးအန်ကယ်လို့ ပြောပြီး ဝမ်းသာအားရဆင်းလာမိတာ ကားခလက်ခံဖြတ်ပိုင်းတောင်းဖို့ မေ့သွားသည်။ ရှိစေတော့။
သံပန်းတံခါးပေါက်အသေးလေးကနေ အသာဝင်လိုက်တော့ ညာဘက်ထောင့်လေးမှာ အဆောက်အဦးတစ်လုံးရှိနေကာ အပေါက်နဲ့ မျက်နှာချင်းဆိုင်မှာတော့ ရေကစားမဏ္ဍပ်လို အမိုးလေးအောက်မှာ ခုံအပြည့်တို့ နိုင်ငံသားလေးတွေထိုင်နေတာတွေ့ ရသည်။ ရုံးကတော့ ဒီအဆောက်အဦးပဲဖြစ်ရမယ်ဆိုပြီး တံခါးတွန်းဖွင့်ပြီးဝင်လိုက်တော့ အထဲမှာလည်း လူတွေအပြည့်တွေ့ ရပြန်သည်။ ကောင်တာ(၁)၊ (၂) စသဖြင့် မျက်စိတစ်ဝေ့အောက်မှာတင် ကွက်ကွက်ကွင်းကွင်းမြင်ရတဲ့ စာရတမ်းလေးတွေကိုကြည့်ရင်း ဗီဇာ ဆိုတဲ့ကောင်တာကိုအရောက် အန်ကယ်ကြီးတစ်ယောက် ထိုင်နေတာတွေ့ သည်။ အခြားကောင်တာတွေမှာ ကြိတ်ကြိတ်တိုးနေသလောက် ဒီကောင်တာမှတော့ တစ်ဦးတစ်ယောက်မှ မရှိချေ။ ဒါနဲ့ ပဲ ဗီဇာကောင်တာသွားလို့  အန်ကယ်ကြီးကို ရယ်ပြရင်း ဗီဇာလျှောက်ထားတာ ပတ်စ်ပိုစ့်လာယူတာပါလို့  မြန်မာလိုပဲ ခပ်မြန်မြန်ပြောလိုက်ပါသည်။ အန်ကယ်ကြီးက ဘာမှမပြောပဲ လက်ဖြန့် ပြီး ဖြတ်ပိုင်းပေးဆိုတဲ့ပုံစံနဲ့ တောင်းသည်။ ကမန်းကတန်း ကိုယ်ယူလာတဲ့ ဖြတ်ပိုင်းလေးကိုထုတ်ပေးတော့ သူကလည်း အသင့်ရှိထားပြီးသားပတ်စ်ပိုစ့် စာအုပ်များမှ ဂျာဂျာကြီးရဲ့စာအုပ်ထုတ်ကာ ဖြတ်ပိုင်းနဲ့ တကွပြန်ပေးပါသည်။
ဒါနဲ့ ကျွန်မလည်း "အန်ကယ် အခွန်နှုန်းတွေနဲ့ ပါတ်သက်ပြီးသိချင်လို့ ပါ" လို့ မေးတော့ သူက " ,,,,,,," ဆိုပြီး ပြန်ဖြေပါသည်။ ကျွန်မလည်း မကြားရတာနဲ့  ဆောရီး မကြားလိုက်လို့ ပါဆိုတော့ အန်ကယ်ကြီးက တစ်လုံးခြင်းပြန်ပြောပါသည်။ "I can't speak Myanmar Language." တဲ့။ သေရော ... အိုကေအိုကေ ဆိုကာ ကိုယ်လည်းဘိုလိုပြန်မေးကာမှ ဘာမှမဖြေပဲ ခေါင်းခါပြီး တစ်ဘက်ကောင်တာသို့ လက်ညွှန်ပြတော့သည်။
သူမသိတာလား။ သူပြောပြလို့ မရတာလား။ ကျွန်မထပ်မမေးချင်တော့သောကြောင့်
ကျေးဇူးလို့ သာပြောရင်းလှည့်ထွက်ခဲ့မိသည်။ နောက်မှ သူငယ်ချင်းကပြောပြသည်။ အဲ့ကောင်တာက အန်ကယ်ကြီးက မြန်မာလို့ မပြောတတ်ပါတဲ့။ ဒီဘက်လူများတန်းစီနေရာရောက်တော့ အစ်မတစ်ယောက်နားသို့ကပ်ကာ အခွန်လျော့တဲ့အကြောင်း မသိမသာမေးကြည့်တော့ "မဟုတ်သေးပါဘူး ညီမရယ်။ အခု အစ်မလည်း အရင်နှုန်းနဲ့ ပဲဆောင်တာတဲ့။" ကဲ ဒါဖြင့် ဒီမှာပဲ ဆုံးပြီပေါ့။ ဘာပဲဖြစ်ဖြစ် နောက်လထဲမှာ ကျွန်မ ပတ်စ်ပိုစ့်စာအုပ်အသစ်လဲဖို့ ၊ အခွန်ဆောင်ဖို့  သံရုံးကို ထပ်သွားရပါအုံးမယ်။ ဒီနေ့ ကတော့ တက်စ်စီအသွားအပြန် ၁နာရီခွဲလောက်စီးလိုက်ရလို့  ခေါင်းမူးပြီးသာ
ပြန်လာခဲ့ရပါသည်။ ။
Subscribe to:
Comments (Atom)