Sunday, August 28, 2011

အားကစားနဲ့ ကျွန်မ

ဒီရောက်ကတည်းက အားကစားနဲ့ ကျွန်မ ရန်ဖြစ်ထားသလားလို့ ထင်ရအောင် အလှမ်းဝေးလှပါသည်။  ကျွန်မက ပိန်ချင်လို့  လှချင်လို့  အားကစားလုပ်ချင်တာမျိုးမဟုတ်ပဲ တနေကုန်ထိုင်ပြီး အာရုံနောက်လှတဲ့ ရုံးအလုပ်တွေမှာ ကိုယ်လက်လှုပ်ရှားမှုမှ မရှိရင် လူတစ်ကိုယ်လုံးထိုင်းမှိုင်းကာ ပေါ့ပေါ့ပါးပါးမရှိသလို့ ခံစားရသောကြောင့်သာ လေ့ကျင်ခန်းလုပ်ဖြစ်ခဲ့ခြင်းပင်။ ရန်ကုန်မှာ အလုပ်လုပ်တုန်းကတော့ ကျွန်မနေတဲ့အဆောင်က အင်ယားကန်ဘောင်နဲ့ သိပ်မဝေးတာကြောင့် ဒီဇင်ဘာဆို မနက်ခင်းတိုင်း ပြေးဖြစ်ခဲ့ပါသည်။ စပြေးကာစ ၃၊၄ ရက်လောက်မှာတော့ ထိုင်၊ထမရအောင်ပင် ခြေထောက်များ နာကျင်ကိုက်ခဲတတ်ပေမဲ့ နောက်ပိုင်းမတော့ လူတစ်ကိုယ်လုံးပေါ့ပါးသွက်လက်လာသဖြင့် အင်မတန်မှ နေလို့ ထိုင်လို့ ကောင်းလှသည်မှာအမှန်ပင်။

လွန်ခဲ့တဲ့ ၂ ပါတ်ကျော်လောက်ကတည်းက ညပိုင်း ရုံးဆင်းပြီးချိန်တွင် နာရီဝက်ခန့် ပြေးတဲ့လေ့ကျင့်ခန်း စဖြစ်သည်။ ထုံးစံအတိုင်း မလုပ်တာ ၂ နှစ်ကျော် ၃ နှစ်မျှ ရှိပြီမို့  အစ ၃ ရက်လောက်တွင် ကုတင်ပေါ်က မဆင်းနိုင်လောက်အောင် ခြေထောက်များနာကျင်ကိုက်ခဲလှသည်။ သို့ ပေမဲ့ အားတင်းပြီး ဆက်တိုက်လုပ်ရင်း အနည်းငယ်သက်သာသွားသဖြင့် ဝမ်းသာအားရရှိသေး အပူတက်ကာဖျားပါတော့သည်။ ဒါလည်း ဒီရောက်ပြီးနောက်ပိုင်း ပထမဆုံးဖျားခြင်းပင်။ ဖြစ်ချင်တော့ အဲ့နေ့ မှာပဲ ရုံးကသူငယ်ချင်းအချို့ နဲ့  ကြက်တောင်ရိုက်ဖို့ ချိန်းထားပေမဲ့ မသွားနိုင်တော့ပေ။ ရာသီဥတုကလည်း ပူလိုက် အေးလိုက်နဲ့  ကျွန်မအဖျားလည်း တက်လိုက်ကျလိုက်ပင်။ ဒါနဲ့ ပဲ တစ်ပါတ်လောက် ကျွန်မ စားလိုက်သောက်လိုက်နဲ့ နားဖြစ်ခဲ့ပြန်သည်။

မနေ့ ကတော့ ရုံးကသူငယ်ချင်းအချို့ နဲ့ ပင် ကြက်တောင်သွားရိုက်ဖြစ်သည်။ ချောင်ဆိုးအနည်းငယ်ကျန်သေးပေမဲ့ အေးနေတဲ့သွေးတွေ ပူစေခြင်းငှာ မဖြစ်ဖြစ်အောင်ပင် သွားဖြစ်ခဲ့သည်။ ရန်ကုန်မှာတုန်းကတော့ မောင်နှမတွေနဲ့  ခြံထဲမှာအပျော်တမ်းကြက်တောင်ရိုက်ဖြစ်ခဲ့ပေမဲ့ နည်းစနစ်တကျ သင်ကြားခဲ့တာမဟုတ်လေတော့ သူတို့ နဲ့ မကစားခင် အရင်သင်ရပါသည်။ နေရာကို တစ်နာရီပဲဘွတ်ကင် လုပ်ထားလို့  တစ်လှည့်စီကစားရသည်။ ကျွန်မကို ကစားဖို့ ခေါ်တဲ့ ဖိလစ်ပိုင်ကောင်လေးက ကြက်တောင်ကို အလုပ်တွေလို့ သဘောထားတဲ့။ သွားစမ်းဆိုပြီး အားကုန်သာရိုက်၊ ပြီးသားရင် စိတ်ထဲကဖိအားတွေ လျော့သွားရော လို့ ပြောလို့ ကျွန်မမှာ သဘောကျရသေးသည်။ အမှန်ပင်။ သူပြောသလို မီးကုန်ယမ်းကုန် အားထုတ်သုံးပြီး ကြက်တောင်ရိုက်လိုက်တာ နှာဖူးကချွေး၊ ခြေမကျလို့  တစ်ကိုယ်လုံးလည်း ရွှဲနစ်သွားရော ကျွန်မစိတ်တွေ အတော်ကို ပေါ့ပါးလန်းဆန်းသွားတော့သည်။

အဲ့ဒီ့အချိန်အတွင်း သောက်ရတဲ့ရေကလည်း အင်မတန်မှပင် အရသာရှိလှသည်။ ကျွန်မမှာ အားလပ်ချိန်တွေ သိပ်ပိုပိုလျှံလျှံမရှိပေမဲ့ ဝါသနာပါတဲ့ စာရေး၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ လေ့ကျင်ခန်းလုပ်ခြင်းများ အပြင် အခြားဘာသာစကားသင်ယူခြင်း စသဖြင့် ရုံးချိန်ပြင်ပ အချိန်သိပ်မလောက်လှပေ။ တစ်ခါတစ်ရံ ကျွန်မတစ်ကိုယ်တည်းနဲ့  လုပ်ချင်တဲ့အလုပ်တွေ သိပ်များနေသဖြင့် လောဘကြီးလိုက်တဲ့ ငါ ပါလားဆိုကာ ပြန်လျှော့ရသေးသည်။ တကယ်တော့ ကျွန်မတို့ ရှင်သန်ရာလောကကြီးထဲမှာ အသက်ရှင်ရပ်တည်နိုင်ဖို့  စား၊ဝတ်၊နေရေးအတွက် လုပ်သင့်တဲ့အလုပ်တွေကို လုပ်နေသလို့  တစ်ဖက်ကလည်း ကိုယ်ဝါသနာပါရာ အလုပ်လေးတွေလုပ်ရင်း နေထိုင်ခွင့်ရသည်မှာ ကျေနပ်စရာပင်။ ချစ်တဲ့ စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများ အားလုံးလည်း စိတ်ဧ။်ချမ်းသာခြင်း၊ ကိုယ်ဧ။်ကျန်းမာခြင်းနဲ့  ဘဝကို ရှေ့ဆက်နိုင်ကြပါစေ။   ။

2 comments:

ဟန်ကြည် said...

အင်း...အားကစားလုပ်တဲ့နေရာမှာတော့ ဦးဟန်ကြည်ထက် သာသွားပြန်ပါပေါ့လား...ခပ်ငယ်ငယ်ကတည်းက ဒီဇင်ဘာမနက်ခင်းတွေမှာ ထပြေးဖို့ ကျကျနနပြင်ဆင်ပြီးမှ အိပ်ပေမယ့် အခုအရွယ်အထိ သုံးမနက်လောက်ပဲ ထပြေးဖြစ်သေးတယ်...ဒါပေမယ့် အထင်တော့မသေးနဲ့ဗျား...ဆောင်းရာသီရောက်တိုင်း အားကစားဝတ်စုံတွေ၊ ဖိနပ်တွေကတော့ ၀ယ်ဖြစ်အောင် ၀ယ်ပြီးပြင်ရဆင်ရမှ နေသာထိုင်သာရှိတာ...

တကယ်တော့ အားကစားလုပ်တာဟာ အင်မတန်ကောင်းပါတယ်...စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကြံ့ခိုင်စေတာမို့ ဆက်လုပ်ဖို့ တိုက်တွန်းပါတယ်...ကြက်တောင်ကို အလုပ်လို့သဘောထားပြီးရိုက်ရတာ အဆင်မပြေရင် ဘောလုံးကို ဘော့စ်ရဲ့မျက်နှာလို့သဘောထားပြီး ကန်ကြည့်ပါလား...တော်တော်အရသာရှိမယ်ထင်တယ်...းးး)))

မဒီခ said...

ဟုတ်ကဲ့ပါ ဆရာဟန်ကြည်ရေ .... ကြိုးစားကြည့်ပါ့မယ် ... လာလည်တာ ကျေးဇူးပါ ..