ကောင်မလေးရေ ....
ငါမရှိတဲ့ ကမ္ဘာတစ်ဘက်ခြမ်းမှာမှ
မင်းအိပ်ပျော်တယ်ဆိုရင်လေ
ငါရဲ့နေ့ တွေကို မိုးစုန်းစုန်းချုပ်ပစ်လိုက်မယ်။
စမိတဲ့ အတွေးတစ်ချက်အတွက်
သမိုင်းကိုပြန်ဖတ်ဖို့ လိုနေရင်တောင် ....
ဝေးကွာနေတဲ့ မင်းရဲ့နေ့ နဲ့  ငါ့ရဲ့ညတွေကြား
သီချင်းတွေလည်း မချို
မျှော်လင့်ခြင်းတွေ အစပျောက်ခဲ့ပြီ။
ခရီးမရောက်နိုင်တဲ့ နာရီတွေကိုဖက်တွယ်
မိန်းမောခဲ့ဖူးတဲ့ အတိတ်ထဲမှာ မျောရင်း
ပျံ့ လွင့်လာတတ်တဲ့ ရနံ့ လေးနဲ့ တင်
မနက်ဖြန်တိုင်းအတွက် လွမ်းဖို့ 
အသင့်ရှိခဲ့သူပါ။
မုန်သုန်ကို အမြန်ထွက်ဖို့ 
ငါမနှင်ခဲ့ပါဘူး။
လေယူရာတိမ်းတိုင်း ငါ့နေ့ ရက်တွေ လိုက်ယိမ်းတတ်ဖို့ 
မိုးကြိုးသွားကိုမှ နှလုံးသားနဲ့ သွေးပြီး
ပေးအပ်ခဲ့သူ ....
တကယ်ပါ ကောင်မလေးရယ်
ဝါးရုံတောလေးအောက်က ခုံတန်းလေးတွေ၊
ယူကလစ်ပင်တန်းအောက်က မြေနီလမ်းတွေ၊
ဒေါနစိမ်းရောင်ဝေ့နေတဲ့ ကော်ရစ်ဒါလမ်းလေးတွေ၊
ဒိန်း ခနဲတစ်ချက်ခုန်လိုက်တိုင်း
စူးရှရှ အောင့်သွားတတ်တဲ့ ဝဲဘက်ရင်အုံလေးရယ်က
စောင့်နေကြလေရဲ့ ....
သိမ်းထုပ်ထားတဲ့ ခပ်ရင့်ရင့်နှစ်ချို့ အလွမ်းတွေ
မင်းကို ဆက်သဖို့ တဲ့ ....
မြတ်မဒီ
No comments:
Post a Comment